Workers on their way to the factories in the crowded mornings streets./ Photo-Magdalena Vogt

မြန်မာနိုင်ငံမှာ COVID-19 ကို ဘယ်လိုတိုက်ဖျက်မလဲ - ဆင်းရဲနွမ်းပါးမှုနှင့် ဂျဲန်ဒါအမြင်ပေါ်တွင် အခြေခံ၍ ချည်းကပ်လုပ်ဆောင်နိုင်သော နည်းလမ်းအချို့

(ဒီ ဘလော့ဂ်ကို ရေးသားရာတွင် Oxfam Private Sector Policy Advisor ဖြစ်သော Yaqian Liang မှလည်း ပါဝင်ကူညီပေးထားပါသည်။)

ကမ္ဘာကြီးဟာ ရာစုနှစ်တစ်ခုအတွင်း အကြီးမားဆုံး ကပ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ ကမ္ဘာ့နိုင်ငံနဲ နယ်မြေဒေသစုစုပေါင်း ၁၉၀ ကျော်မှာ ရောဂါဖြစ်ပွားနေပါတယ်။ လူဦးရေ ၈ သိန်းနဲ့အထက်ဟာ ရောဂါကူးစက်ခံထားရပြီး နေ့စဉ်နဲ့အမျှ ပိုမိုတိုးလာနေပါတယ်။ မြန်မာနိုင်ငံဟာလည်း အဲဒီ့ရောဂါကပ်ဘေးအန္တရာယ်ကို ကြုံတွေ့နေရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MoHS) က ပြည်သူ့ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်ထားသလို နိုင်ငံတော်ရဲ့အမြင့်ဆုံး ပုဂ္ဂိုလ်များက ဦးဆောင်ပြီး ရောဂါကာကွယ်ရေးနဲ့ တုံံ့ပြန်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။ မတ်လ ၃၁ ရက်နေ့အထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၁၅ ယောက်အထိ ရှိပြီလို့ သိရပါတယ်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာအကြပ်အတည်းလို့ သတ်မှတ်ထားကြတဲ့ ဒီကပ်ဘေးကြီးဟာ စီးပွားရေးအပေါ် ရိုက်ခတ်မှုအလွန်ပြင်းထန်မယ့် အခက်အခဲကပ်ဘေးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ ဆင်းရဲနွမ်းပါးစွာ  နေထိုင်နေရတဲ့ လူ တွေအပါ အဝင် ထိခိုက်လွယ်ပြီး ဆုံးဖြတ်ချက်ချတဲ့နေရာတွင်မှာ ပါဝင်ခွင့် မရှိနေတဲ့ လူအုပ်စုတွေအတွက်ဆို ပိုပြီးပြင်းထန်မယ်ဆိုရင် မှန်ကန်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုသတ်မှတ်မျဉ်းအောက်မှာနေထိုင်ရပြီး ကျန်တဲ့ထဲက ၅၀ ရာခိုင်နှုန်းဟာဆိုရင်လည်း ဆင်းရဲနွမ်းပါးမှုမျဉ်းအထက်မှာ ရှိတယ်ဆိုရုံ နေထိုင်နေရတာ ဖြစ်ပါတယ်။ သူတို့ဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး နဲ့ လူမှုစောင့်ရှောက်ရေးဝန်ဆောင်မှုတွေနဲ့ အင်မတန် အလှမ်းဝေးပါတယ်။ ကျန်းမာရေးကဏ္ဍအတွက် ရင်းနှီးမြှပ်နှံထားတဲ့ ဘတ်ဂျက်ဟာဆိုရင်လည်း  ဆယ်စုနှစ်များစွာ နည်းပါးခဲ့ပြီး ဒီနေ့အထိတောင် နည်းပါးနေဆဲပါ။ နိုင်ငံရဲ့ စုစုပေါင်းရသုံးမှန်းခြေ လျာထားငွေ (ဘတ်ဂျက်)ရဲ့ ၄.၅၈ ရာခိုင်နှုန်း  သာကျန်းမာရေးအတွက် လျာထားအသုံးပြုခဲ့ပါတယ်။ အခုလို ကပ်ဘေးဟာ မြန်မာနိုင်ငံကို ဝင်ရောက်စပြုနေချိန်မှာ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုစက်ကိရိယာ၊ပစ္စည်း နည်းပါးမှှုဟာ ပြည်သူတွေအတွက် ဒီရောဂါပြန့်ပွားနိုင်ရေးအခြေအနေနဲ့ နိုင်ငံအတွင်း ရောဂါရဲ့ သက်ရောက်မှုတွေကို ပိုမိုဆိုးရွားစွာ ခံစားရစေနိုင်ပါတယ်။ 

အစိုးရအနေနဲ့ ရောဂါကို ကာကွယ်နိုင်ဖို့ အခမ်းအနားကျင်းပခွင့်နဲ့ လူစုလူဝေးလုပ်ခွင့် မပြုတာ၊ ရောဂါဖြစ်ကြောင်း အတည်ပြုပြီးသူတွေနဲ့ပတ်သက်ပြီး အရေးပါတဲ့ ခြေရာခံ လုပ်ငန်းတွေ လုပ်ဆောင်တာ အပါအဝင် အရေးပါတဲ့ လုပ်ငန်းတွေကိုဆောင်ရွက်နေတာဟာ ဝမ်းသာစရာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ ရောဂါကာကွယ်ရေးမှာ အားသွန်ခွန်စိုက်ကြိုးပမ်းစေကာမူ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ အခြားရောဂါတစ်ခု ကို ဖြေရှင်းဖို့ ပျက်ကွက်မယ်ဆိုရင်  အဓိကပြဿနာအချို့ကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ့ရောဂါကတော့ အလွန်အမင်း မညီမျှမှုပဲ ဖြစ်ပါတယ်။ မညီမျှမှုဟာ အဆင်းရဲဆုံးတွေနဲ့ အချမ်းသာဆုံးတွေရဲ့ ကြားမှာလည်း ရှိနေသလို အမျိုးသမီးသမီးတွေနဲ့ အမျိုးသားတွေ ကြားမှာလည်း ရှိနေပါတယ်။ လူမျိုးစုတစ်စုနဲ့ တစ်စု ကြားမှာလည်း ရှိနေပါတယ်။ COVID-19 ရောဂါဟာ လူမှုအသိုင်းအဝိုင်းအပေါ်မှာ ဘက်စုံသက်ရောက်မှုတွေ ရှိလာမှာ ဖြစ်တဲ့အတွက်ကြောင့် မညီမျှမှုတွေကို ပိုမိုဆိုးရွားသွားစေနိုင်တဲ့အနေအထားလည်း ရှိလို့နေပါတယ်။ 

မညီမျှမှုတွေ ရှိနေတဲ့ နောက်ခံအခြေအနေတွေကြောင့် COVID-19 နဲ့ သက်ဆိုင်တဲ့ ပြည်သူ့ကျန်းမာရေးနဲ့ မူဝါဒဆိုင်ရာ လုပ်ငန်းတွေမှာ ထိခိုက်လွယ်တဲ့သူတွေရဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့ ပိုမိုအရေးကြီးပါတယ်။ အိမ်မှာပဲနေပါ ဆိုတဲ့ သတိပေးမှုဟာ အချို့လူတွေအတွက် အလုပ်ဖြစ်ပေမဲ့ နေ့တိုင်းစျေးထဲမှာ မုန့်ရောင်းတဲ့ စျေးသည် အမျိုးသမီးအတွက်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် မှာ အလုပ်လုပ်ရတဲ့သူအတွက်၊ နေ့စဉ်အလုပ်မလုပ်ရင် ရပ်တည်စားသောက်ဖို့ မလွယ်ကူတဲ့သူအတွက် ဒါဟာ မလွယ်ကူပါဘူး။ ဆင်းရဲနွမ်းပါးစွာ နေထိုင်ရတဲ့ ပြည်သူအများစုဟာ တစ်နေ့လုပ် တစ်နေ့စားတွေဖြစ်ပြီး စုဆောင်းငွေဆိုတာလည်း မရှိနိုင်ပါဘူး။ အလုပ်မလုပ်ရင် ဝင်ငွေမရ၊ ဝင်ငွေမရရင် သူတို့မိသားစုအတွက် တစ်ရက်စာ စားစရာတောင် မဝယ်နိုင်တဲ့မိသားစုတွေ ရှိနေပါတယ်။ လုပ်ခလစာအလွန်နိမ့်ပါးစွာ ရနေသူတွေဟာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေကိုပဲ မှီခိုနေရပါ တယ်။ ဒါ့အပြင် သူတို့ရဲ့ နေထိုင်ရာနေရာတွေဟာ လူဦးရေအလွန်သိပ်သည်းပြီး ကြပ်ကြပ်သည်းသည်း နေထိုင်ကြ ရတာ ဖြစ်တဲ့အတွက် သူတို့အတွက်တော့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ(Physical Distancing)  ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီ့အခြေအနေအရ ရောဂါပိုးဟာ ပိုမိုပြန့်ပွားလွယ်မှာ ဖြစ်ပြီး တုံ့ပြန်ရေးတွေမှာလည်း ဒီအခြေအနေကို မဖြစ်မနေထည့်သွင်းစဉ်းစားပြီး သူတို့တွေ အိမ်မှာနေနိုင်အောင် လိုအပ်တဲ့ အထောက်အပံ့တွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေဆီကို သွားဖို့ လိုအပ်တဲ့အခါ အလွယ်တကူလက်လှမ်းမီအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

COVID-19 ဟာ အချို့လုပ်ငန်းတွေမှာ အလုပ်လက်မဲ့တွေ ဖြစ်စေခဲ့သလို ဆက်ပြီး ဖြစ်လာလိမ့်မယ်လို့ လည်း မှန်းဆရပါတယ်။ အဲဒီ့အလုပ်သမားတွေအနေနဲ့ ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းနိုင်ဖို့ ဘယ်လို ကာကွယ်စောင့်ရှောက်မှုမျိုး၊ အထောက်အပံ့မျိုး ရှိပါသလဲ။ မကြာခင်က ဖြစ်ခဲ့တဲ့ အလုပ်သမား ဆန္ဒပြမှု  ဟာ အခြေခံအလုပ်သမားတွေရဲ့ အခက်အခဲတွေကို အလျင်အမြန်အရေးပေးဖို့လိုအပ်နေကြောင်း မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ အလုပ်သမားထုအတွက်တော့ အလုပ်လက်မဲ့ဖြစ်နိုင်ချေဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရဖို့ထက် ပိုပြီး ကြီးမားတဲ့ ပြဿနာ ဖြစ်လို့နေပါတယ်။ မြန်မာနိုင်ငံမှာ ကပ်ဘေးရဲ့ သက်ရောက်မှုဖြစ်တဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေကို ဖြေရှင်းဖို့အတွက် ကြိုတင်ပြင်ဆင်မှုနဲ့ စီမံကိန်းတွေ မရှိထားဘူးဆိုရင် မညီမျှမှုပြဿနာဟာလည်း ပိုမိုဆိုးရွားလာမှာ ဖြစ်ပါတယ်။

ဂျဲန်ဒါ (ကျား/မ ရေးရာ) ဟာလည်း မညီမျှမှုရဲ့ နောက်ထပ် အလွှာတစ်ခုဖြစ်ပါတယ်။ ကူးစက်မှုခံရနိုင်ချေ မြင့်မားတဲ့ ရောဂါရှာဖွေကုသရေးလုပ်ငန်းတွေရဲ့ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းအများစုဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ထုံးတမ်းဓလေ့သတ်မှတ်ချက်တွေအရ အမျိုးသမီးတွေဟာ လုပ်ခမရတဲ့ ပြုစုစောင့်ရှောက်မှုတာဝန်ကို ယူကြရသူတွေဖြစ်လို့ မိသားစုမှာ နေမကောင်းတဲ့ သူရှိလာရင် ပြုစုစောင့်ရှောက်ရမှာမို့ အမျိုးသမီးတွေမှာ တာဝန်တွေ ပိုပိလာမှာ ဖြစ်ပါတယ်။ ရှိနေတဲ့ ကျား/မ ဂျဲန်ဒါ မညီမျှမှုတွေ၊ မူဝါဒနဲ့ လုပ်ငန်းစဉ်အားနည်းချက်တွေကြောင့် အိမ်မှာနေနေရတဲ့ ကာလအတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုမိုများပြားလာနိုင်ပါတယ်။ အချို့နိုင်ငံတွေမှာဆို ဒီပြဿနာကို စတင်ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ ပြင်သစ်မှာဆိုရင် (lockdown) ပိတ်ဆို့မှုပြီးတဲ့နောက် အိမ်တွင်းအကြမ်းဖက်မှုတွေဟာ ၃၀% မြင့်တတ်လာပါတယ်။ 

ဘေးဖယ်ခံထားရလေ့ရှိတဲ့ လူအုပ်စုတွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းမစဉ်းစားဘူး၊ သူတို့ရဲ့ အသံနဲံ ဦးစားပေးလိုအပ်ချက်တွေကို နားမထောင်ဘူးဆိုရင် သူတို့ဟာ ဒီအရေးပေါ်အခြေအနေမှာ ပိုမိုထိခိုက်လွယ် တဲ့အခြေအနေကို ရောက်သွားမှာ ဖြစ်ပါတယ်။ အခုလည်း ပြဿနာအချို့ကို စတင်မြင်တွေ့နေရပြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ၊ ဆင်းရဲသားတွေနဲ့ မသန်စွမ်း/ခြားနားသန်စွမ်းသူတွေအပါအဝင် ထိခိုက်လွယ်တဲ့သူတွေရဲ့ အသံတွေနဲ့ လိုအပ်ချက်တွေဟာ COVID-19 နဲ့ ယင်းရဲ့သက်ရောက်မှုတွေကို တုံ့ပြန်ရေးစီမံကိန်းတွေမှာ ထည့်သွင်းပါဝင်မှုမရှိဘူးဆိုရင် အဲဒီ့ပျက်ကွက်မှုဟာ အဆိုပါစီမံကိန်းတွေကို ကျဆုံးစေနိုင်သလို ရေရှည် မညှီမျှမှုပြဿနာ ပိုမိုကြီးထွားဖို့လည်း အားပေးအားမြှောက်ပြုရာ ရောက်နိုင်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံစီးပွားရေးကို အထောက်အကူပြုဖို့ အသေးစားနဲ့အလတ်စားစီးပွားရေးတွေအတွက် အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေထုတ်ပေးတာလို အရေးပါတဲ့ အစီအစဉ်အချို့ကို စတင်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ အဲဒီ့လုပ်ငန်းတွေဟာ လုပ်ခလစာနည်းပါးတဲ့အလုပ်သမားတွေနဲ့ အခြေခံလိုအပ်ချက်တွေဖြည့်ဆည်းနိုင်ရေး ရုန်းကန်နေရသူတွေအတွက်ပါ အကျိုးရှိတဲ့ လုပ်ငန်းစဉ်တွေဖြစ်လာဖို့ စနစ်တကျသတ်မှတ် ပြဌာန်းဖို့ လိုအပ်နေသေးတာကို တွေ့ရပါတယ်။ ဒါဟာ အခုလက်ရှိအခြေအနေအတွက်သာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပဲ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ညီမျှမှုကို ဖော်ဆောင်ဖို့အတွက် အလွန်အရေးပါနေပါတယ်။

ဒီကပ်ဘေးဟာ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ တာဝန်ယူမှုရှိပြီး လူမှုအသိုင်းအသိုင်းဖွံ့ဖြိုးရေးအတွက် ကတိကဝတ်တွေကို မှန်ကန်စွာလုပ်ဆောင်မယ့် ကုမ္မဏီတွေကို လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြု အမှတ်ရကြမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက နာမည်ကြီးကုန်အမှတ်တံဆိပ်တွေရော ဒေသအလိုက် စီးပွားရေးလုပ်ငန်းတွေကပါ ဒီကပ်ဘေးတုံ့ပြန်ရေးမှာ အရေးပါတဲ့ ကဏ္ဍကနေ ပူးပေါင်းလုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသနေပါတယ်။ ဒါဟာ အလှူငွေပေးရုံထက် ပိုသာလွန်တဲ့ အခန်းကဏ္ဍပါ။ စီးပွားရေးလုပ်ငန်းအများစုဟာ အလွန်ရုန်းကန်နေကြရတဲ့အချိန်ဖြစ်ပြီး ပုံမှန်လို လုပ်ငန်းလည်ပတ်နေဖို့ မဖြစ်နိုင်ဘူးဆိုတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်ခြင်းကတော့ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ပါဘူး။ အဲဒီ့အစား ကျန်းမာပျော်ရွှင်ပြီး ယုံကြည်ရတဲ့ လုပ်ငန်းခွင်အဖြစ် ဆက်လက်ရပ်တည်ခြင်းကသာ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့နဲ့ ပြန်လည်ရပ်တည်လာနိုင်ဖို့ နည်းလမ်းဖြစ်ပါတယ်။ ထပ်ဖြည့်ပြောရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဝန်ထမ်းတွေကို ကုမ္မဏီဆက်လက်ရပ်တည်နိုင်ဖို့ အကျိုးအမြတ်ရည်မှန်းချက်တူညီတဲ့ လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီး ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ အတူတူအဖြေရှာဖို့ လိုအပ်ပါတယ်။ ဒီအကြပ်အတည်းကနေ ပြန်လည်ရပ်တည်နိုင်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလည်ပတ်ဖို့ နည်းလမ်းသစ်တွေနဲ့ အခွင့်အလမ်းတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ အလုပ်သမားတွေရဲ့ ကျွမ်းကျင်နားလည်မှုနဲ့ ဗဟုသုတတွေကို အခြေခံမှသာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မဟာဗျူအသစ်နည်းလမ်းသစ်တွေကို ရှာဖွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အခုအချိန်ဟာ အားလုံးအတွက် စိန်ခေါ်မှုတွေနဲ့ ခက်ခဲတဲ့ကာလပါ။ အရာတိုင်းဟာ မှန်းဆလို့မရပဲ မရေမရာဖြစ်နေတဲ့အချိန်ပါ။ ဒါပေမဲ့ အကယ်၍သာ လူ့သမိုင်းတစ်လျှောက်မှာ မရှိခဲ့ဖူးသေးတဲ့ အကြီးမားဆုံးပူးပေါင်းလုပ်ဆောင်မှုကို တစ်ဦးတစ်ယောက်ချင်းအနေနဲ့ရော အဖွဲ့အစည်းတွေအနေနဲ့ပါ လုပ်ဆောင်ကြမယ်ဆိုရင်တော့ အခြေအနေတွေကို ပြန်ပြောင်းနိုင်ပါလိမ့်မယ်။ အစိုးရအနေနဲ့ COVID-19 အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်တွေမှာ ဆင်းရဲနွမ်းပါးမှုပေါ်မှာအခြေခံစဉ်းစားတဲ့ အစီအစဉ်တွေလုပ်ဆောင်ပေး ဖို့အခွင့်အရေးရှိနေပါတယ်။ အဲဒီ့အစီအစဉ်တွေမှာ လက်ရှိကျန်းမာရေးကဏ္ဍအတွက် လျာထားဘတ်ဂျက်ကို အမြန်ဆုံး တိုးမြှင့်ခြင်း၊ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ အမျိုးသမီးတွေနဲ့ အားလုံရဲ့ အသံတွေကို ပါဝင်စေခြင်း၊ မတူညီတဲ့လူမှုစီးပွားအုပ်စုတွေ အားလုံးဆီ ရောက်ရှိနိုင်တဲ့ နည်းလမ်းတွေကနေတစ်ဆင့် သတင်းအချက်အလက်ပေးခြင်း၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုခံရသူတွေအတွက် ဝန်ဆောင်မှုတွေနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ အထောက်အကူပေးတဲ့ ဝန်ဆောင်မှုတွေကို မြှင့်တင်လုပ်ဆောင်ပေးခြင်း စတာတွေ ပါဝင်သင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအပါအဝင်  အခြားရောဂါအခံရှိတဲ့ ဝန်ထမ်းတွေအတွက် လစာဖြင့်ခွင့်ပေးခြင်း၊ မိမိဝန်ထမ်းတစ်ဦး quarantine လုပ်ဆောင်ရန် လိုအပ်ပါက သို့မဟုတ် ရောဂါပိုးကူးစက်ခံရပါက လိုအပ်တဲ့ အကူအညီမှန်သမျှကို လုပ်ဆောင်ပေးပြီး ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို ကူညီစောင့်ရှောက်ခြင်း၊ အစိုးရ၊ လူမှုအသိုင်းအဝိုင်း၊ အလုပ်သမားဝန်ထမ်းများနဲ့ မိတ်ဖက်ပြုပြီး ဒီအကြပ်အတည်းကို အတူတကွ ပူးပေါင်းကာကွယ်ထိန်းချုပ်ခြင်း စတာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့တွေအကုန်လုံးအနေနဲ့ကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ ကာကွယ်ရေးလမ်းညွှန်ချက်တွေကို လိုက်နာပြီး ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းကို ဒီအကြပ်အတည်းကနေ တတ်နိုင်သမျှ ကာကွယ်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်၊ အထူးသဖြင့် ကျွန်မတို့လူမှုအသိုင်းအဝိုင်းရဲ့ အထိခိုက်လွယ်ဆုံးသောသူတွေရဲ့ အနာဂတ်ဟာ အစိုးရရဲ့ မဟာဗျူဟာမြောက်မူဝါဒရွေးချယ်မှု၊ တာဝန်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုတာဝန်သိတတ်တဲ့ နိုင်ငံသားရဲ့ လုပ်ဆောင်မှုတွေပေါ်မှာပဲ မူတည်နေပါတယ်။ ကျွန်မတို့ ဒီတိုက်ပွဲကို နိုင်မလား ၊ရှုံးမလားဆိုတာတော့ အားလုံးရဲ့ လက်ထဲမှာ မူတည်နေပါတယ်။

[1] Citizen Budget, 2018-2019 Budget Year, Ministry of Planning and Finance, Myanmar

[1] Thousands of Myanmar garment workers go on strike to save jobshttps://www.mmtimes.com/news/thousands-myanmar-garment-workers-go-strike-save-jobs.html-0

[1] Domestic violence cases jump 30% during lockdown in France https://www.euronews.com/2020/03/28/domestic-violence-cases-jump-30-during-lockdown-in-france