မျှတသော ဘဏ္ဍာငွေများ - မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုများ လျှော့ချရေးအတွက် အခွန်နှင့် ပြည်သူ့ရေးရာဝန်ဆောင်မှု အသုံးစရိတ်များမှတစ်ဆင့် အထောက်အကူပြုခြင်း

Paper author: 
Sebastian Sahla with Alison Kent
Paper publication date: 
Monday, August 10, 2020

အနှစ်ချုပ်

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်များအတွင်း သိသာထင်ရှားသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အပြောင်း အလဲများကို ကြုံတွေ့ခဲ့ရပါသည်။ ၂၀၁၁ခုနှစ်မှစတင်ခဲ့သော ကျယ်ပြန့်သည့် မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုများတွင် ပိုမိုအားကောင်းသော အရပ်သားအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲသွားခြင်း၊ သတင်းလွတ်လပ်ခွင့် ပိုမိုရရှိလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြောင်းလဲလာခြင်းနှင့် ငွေကြေးလဲလှယ်နှုန်း ပြောင်းလဲလာခြင်း စသည်တို့ ပါဝင်သည်။ ထိုပြုပြင်ပြောင်းလဲမှုများသည် အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာသော စီးပွားရေးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍများတွင် တိုးတက်မှုများ ဖြစ်ပေါ်လာစေခဲ့ပါသည်။ သို့သော်လည်း ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော စစ်အုပ်ချုပ် ရေးစနစ်နှင့် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များ၏ အမွေများလည်း ကျန်ရစ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အခွန်ရရှိမှုအနည်းဆုံး နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ပါသည်။ ထိုသို့ အခွန်ရရှိမှုနည်းပါးခြင်းကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအနည်းမျှသာ ပြုလုပ်နိုင်ခဲ့သည်မှာ ကြာရှည်ခဲ့ပြီ ဖြစ်ပါသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မျှော်မှန်းချက်များ အောင်မြင်ရန်အတွက် အစိုးရအနေဖြင့် ဘဏ္ဍာငွေများကို ပိုမိုရှာဖွေရန် လိုအပ်မည်ဖြစ်ပြီး၊ ထိုဘဏ္ဍာငွေများကို ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုများ တိုက်ဖျက်ရေး ဆိုင်ရာအစီအမံများတွင် သုံးစွဲရန်လိုအပ်ပါသည်။

COVID-19 ကပ်ရောဂါကျရောက်နေစဉ်ကာလတွင် အိမ်ထောင်စုများအနေဖြင့် ဗိုင်းရပ်စ်ပိုးနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် လတ်တလောကြုံတွေ့ရသော ရိုက်ခတ်မှုများနှင့် ရေရှည်စီးပွားရေး အကျိုးသက်ရောက်မှုများကို ရင်ဆိုင်ဖြေရှင်းရသည့် အတွက် မရှိမဖြစ်လိုအပ်သော ပြည်သူ့ရေးရာဝန်ဆောင်မှုများ ပိုမိုအားကောင်းလာရေးနှင့် အစီအမံများ လိုအပ်နေကြောင်း အလွန်သိသာထင်ရှားလာပါသည်။ အစောပိုင်း လေ့လာသုံးသပ်မှုများအရ လယ်သမားများ၊ ရွှေ့ပြောင်းအလုပ်သမား များအပါအဝင် စာရင်းပြင်ပစည်းလွတ်ခွင်ရှိ အလုပ်အကိုင်ကဏ္ဍ (informal sector)မှ လုပ်သားများသည် COVID-19 ၏စီးပွားရေးအရ ရိုက်ခတ်မှုများကို ဆိုးရွားစွာ ခံစားရသောအစုအဖွဲ့အချို့တွင် ပါဝင်ပါသည်။ ယင်းကဲ့သို့ဖြစ်ပေါ်နေခြင်း သည် အဆင်းရဲဆုံး နိုင်ငံအချို့တွင် ဝင်ငွေပိုမိုကျဆင်းသွားသည်နှင့်အမျှ ရှိနေဆဲ မညီမျှမှုများကို ပိုမိုနက်ရှိုင်းသွားစေမည့် အလားအလာပင်ဖြစ်ပါသည်။ ယခုအချိန်သည် COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP)မှတစ်ဆင့် ပိုမိုသာတူညီမျှသော COVID-19 ထိခိုက်မှု သက်သာရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များက ထောက်ပံ့ပေးနိုင်ရေးနှင့် ပိုမိုမျှတပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် စီးပွားရေးဝန်းကျင်တစ်ရပ် ပေါ်ထွက်လာရေးတို့အတွက် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု မူဝါဒနည်းလမ်းများဖြစ်သည့် အခွန်ကောက်ခံခြင်း၊ အရအသုံးမှန်းခြေ ငွေစာရင်းရေးဆွဲခြင်း တို့ကို အချက်အချာပြု၍ အလေးထားဆောင်ရွက်ကြရမည့် အချိန်ဖြစ်ပါသည်။

ယခု မူဝါဒစာတမ်းအနှစ်ချုပ်တွင် ဖော်ပြထားသကဲ့သို့ပင် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းတို့ထံမှ ရရှိသောအခွန်ရငွေများသည်အလွန်နည်းပါးပါသည်။ အစိုးရဘဏ္ဍာငွေများသည် ကုမ္ပဏီကြီးများမှရရှိသောအခွန်ငွေများနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများမှ လွှဲပြောင်းငွေများအပေါ်တွင် ကြီးမားစွာ မှီခိုနေရပါသည်။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများမှ လွှဲပြောင်းငွေများသည် ပုံသေမဟုတ်ဘဲ ပြောင်းလဲမှုများရှိပြီး ပမာဏသည်လည်း ကျဆင်းလျက်ရှိကာ တာဝန်ခံမှုအပိုင်းတွင်လည်း အကန့်အသတ်ဖြင့်သာ ရှိပါသည်။

အခွန်ကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း ထပ်မံဆောင်ရွက်ဖွယ်ရာ များလည်း ကျန်ရှိနေပါသေးသည်။ ယင်းတို့တွင် အခွန်ကောက်ခံရာ၌ ပိုမိုထိရောက်မှုရှိလာစေရန် အခွန်ကောက်ခံခြင်းကို ခေတ်နှင့်အညီ ပြောင်းလဲခြင်း၊ အခွန်စနစ် သက်ဝင်မှုရှိလာစေရန် ဆောင်ရွက်ရာတွင် ပိုမိုစွမ်းဆောင်လာ နိုင်စေခြင်းနှင့် လက်ရှိတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည့် အခွန်တိမ်းရှောင်မှုများအား ကန့်သတ်ခြင်းတို့ပါဝင်သည်။ အခွန်ကို အလွန်အမင်းလျှော့ပေါ့ပေးခြင်းသည်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းကြီးများ ထံမှရရှိသော အခွန်ငွေများ ကို လျော့နည်းစေသကဲ့သို့ အခွန်လွတ်ငြိမ်းခွင့်များသည်လည်း ရှင်းလင်းပြတ်သားသော အကျိုးရလဒ်များကို မပြသနိုင် ဘဲ၊ လေးစားလိုက်နာမှုမရှိသူများကို အကျိုးဖြစ်ထွန်းသွားစေနိုင်သည့် အန္တရာယ်လည်းရှိပါသည်။ အရေးကြီးသည့် အချက်မှာ အခွန်စနစ်ရှိ လိုအပ်သော ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ဆောင်ရွက်နေသည့် တစ်ပြိုင်တည်းမှာပင် အစိုးရအနေဖြင့် ကောက်ခံရရှိသော ရငွေများကိုလည်း ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးအစီအမံများတွင်ပိုမိုထည့်သွင်းအသုံးပြုသွားရမည် ဖြစ်ပါသည်။ အဆိုပါ မရှိမဖြစ် ဝန်ဆောင်မှုကဏ္ဍများတွင် ဒေသတွင်းရှိနိုင်ငံများ၊နိုင်ငံတကာရှိ နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက ဘဏ္ဍာငွေသုံးစွဲမှုနှုန်းသည် နိမ့်ကျလျက် ရှိနေပါသေးသည်။

တိုးတက်မှုများကို ကြည့်မည်ဆိုပါက စီမံကိန်းများရေးဆွဲခြင်း၊ အရအသုံးမှန်းခြေငွေစာရင်းများ ရေးဆွဲခြင်းကဏ္ဍများတွင် “အောက်ခြေမှ အထက်သို့ စီမံကိန်းရေးဆွဲတင်ပြခြင်း” နည်းလမ်းများကို ပိုမိုအသုံးပြုလာပြီး၊ ပို၍ပွင့်လင်းမြင်သာမှု ရှိလာပါသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အခွန်များကို ထိရောက်စွာ ကောက်ခံရန် လိုအပ်နေပါသည်။ ထို့ပြင် ငွေကြေးအချမ်းသာဆုံးထိပ်ပိုင်းမှသူများက ၎င်းတို့ပေးဆောင်ရမည့် အခွန်ဝေစုကို မျှတစွာပေးဆောင်ရန် တိကျစွာဆောင်ရွက်ရမည်ဖြစ်ကာ၊ အသုံးစရိတ်များ သုံးစွဲရာတွင်လည်း လူမှုအသိုက်အဝန်းအားလုံးအတွက် ထင်သာမြင်သာရှိသည့် အကျိုးရလဒ်များ ဖြစ်ပေါ်လာစေမည့် နည်းလမ်းများဖြင့် သုံးစွဲရမည် ဖြစ်ပါသည်။ ထိုရည်မှန်းချက်များကို အောင်မြင်စေရန်အတွက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အစိုးရအနေ ဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုကဏ္ဍကို ခေတ်မီနည်းလမ်းများဖြင့် ပြောင်းလဲဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး၊ အခွန်တိမ်းရှောင်သော စီးပွားရေးလုပ်ငန်းကြီးများအတွက် အခွင့်အလမ်းများကိုလည်း ကန့်သတ်ရမည်ဖြစ်ပါသည်။ အစိုးရအနေဖြင့် အခွန်မက်လုံးပေးခြင်းများ၊ အခွန်လွတ်ငြိမ်းခွင့်ပေးခြင်းများကို ပြန်လည်စဉ်းစားသင့်ပါသည်။ အခွန်မူဝါဒများနှင့်စပ်လျဉ်း၍ နှုန်းတိုးအခွန်စနစ် (အခွန်စည်းကြပ်နိုင်သည့်ပမာဏ တိုးတက်လာသည်နှင့်အမျှ တိုးမြှင့်ပေးဆောင်ရသော အခွန်စနစ်) ပိုမိုဖြစ်ပေါ်လာစေနိုင်မည့် နည်းလမ်းများကို စဉ်းစားသင့်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကိုလည်း ကြီးကြပ်သင့်ပါသည်။ အစိုးရက ကောက်ခံသည့် အခွန်ရငွေများအား မည်သို့အသုံးပြုသည်ကို အများပြည်သူသိရှိနိုင်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်သော လုပ်ငန်းစဉ်များတွင် အများပြည်သူပါဝင်စေခြင်း၊ အခွန်ကောက်ခံခြင်းနှင့် ပိုမိုကောင်းမွန်သော ပြည်သူ့ရေးရာဝန်ဆောင်မှုပေးခြင်းတို့အကြား ချိတ်ဆက်မှုကို ရှင်းလင်းစွာတင်ပြခြင်းတို့ဖြင့်အခွန်ပေးဆောင်သော ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးရန်လိုအပ်ပါသည်။ ပိုမိုမျှတမှုရှိသောအခွန်စနစ်သို့ ကူးပြောင်းခြင်းနှင့်မရှိမဖြစ်လိုအပ်သောပြည်သူ့ရေးရာဝန်ဆောင်မှုများတွင် ဘဏ္ဍာငွေပိုမိုသုံးစွဲပေးခြင်းတို့သည် ကျား၊မရေးရာဂျဲန်ဒါအခြေပြု မညီမျှမှုများအပါအဝင် လူမှုရေးဆိုင်ရာမညီမျှမှုများကို တိုက်ဖျက်ရာတွင် အဓိကကျသကဲ့“ မည်သူ့ကို မျှ ချန်လှပ်မထားရေးမူဝါဒ”ကို သေချာစွာ အကောင်အထည်ဖော်ရာတွင်လည်း အရေးကြီးလာမည် ဖြစ်ပါသည်။

ယခုမူဝါဒစာတမ်းအနှစ်ချုပ်သည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိအခွန်ကဏ္ဍမှ ကိစ္စရပ်များကို လေ့လာထားသည့် စာတမ်းများ၊ အစိုးရ၏ အခွန်ကဏ္ဍဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ၊ အခွန်ကဏ္ဍတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော သုတေသနအခြေပြုအကြံပေးအဖွဲ့များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် ကျွမ်းကျင်သူများနှင့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများအပေါ်တွင် အခြေခံထားပါသည်။ အခန်း (၁) တွင် ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရေးနှင့် မညီမျှမှုများ (အထူးသဖြင့် အမျိုးသမီးများနှင့် အမျိုးသားများအကြားရှိ မညီမျှမှုများ) တိုက်ဖျက်ရေး ကြိုးပမ်းမှုများတွင် အခွန်ကဏ္ဍ၏ အရေးကြီးမှုကို ဖော်ပြထားပါသည်။ အခန်း(၂) တွင် မြန်မာနိုင်ငံရှိ အခွန်ကောက်ခံခြင်းစနစ်ကို ခြုံငုံသုံးသပ်ထားပြီး၊ အစိုးရအနေဖြင့် အသုံးစရိတ်ဆိုင်ရာ ဆုံးဖြတ်ချက်များ မည်သို့ချမှတ်သည်ကို ဖော်ပြထားပါသည်။ အခန်း (၃) တွင် မြန်မာနိုင်ငံ၌ အစိုးရ၏ အခွန်ရငွေများနည်းပါးရခြင်း၏ အဓိကအကြောင်းအရင်းများကို ဖော်ပြထားပါသည်။ အခန်း (၄) တွင် ဖော်ပြပါစိန်ခေါ်မှုများအား မည်သို့ကျော်လွှားနိုင်မည်ကို အကြံပြုထားပါသည်။