ယုံကြည်မှုဖြင့် ရဲရင့်သူ

Ma Kyi Pyar speaking in the parliament/ Photo: Ma Kyi Pyar's Facebook account

Ma Kyi Pyar speaking in the parliament

“အစ်မတို့ အမျိုးသမီးအစ်မတ်တွေက အရမ်းအလုပ်လုပ်ကြတယ်။ အမျိုးသား အစ်မတ်တွေထက် ပိုပြီး အလုပ်လုပ်တယ်လို့လည်း မှတ်တမ်းတွေအရ သိရတယ်။ အစ်မထင်တာတော့ ငါတို့ကို အမျိုးသမီးဆိုပြီး အထင်မသေးရလေအောင် မလုပ်နိုင်ဘူးလို့ မထင်ရလေအောင် ပိုပြီး ကြိုးစားကြတာလို့ ထင်တယ်”။
မကြည်ပြာ
လွှတ်တော်ကိုယ်စားလှယ် (ရန်ကုန်တိုင်းဒေသကြီး)

“အစ်မက ကိုယ့်ကိုကိုယ်တော့ ယုံကြည်မှု ထားတယ်၊ ဘဝတစ်လျှောက် အလုပ်တွေ အများကြီး လုပ်ခဲ့တယ်၊ ဘဝမှာ ရဲရဲဝံ့ဝံ့နေနိုင်ဖို့ ပညာပြည့်စုံဖို့လိုတယ်လို့ ယူဆတာကြောင့် သင်တန်းတွေ အများကြီး တက်ခဲ့တယ်၊ တစ်ခုခုဆို ငါဒါတော့ ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားတယ်” လို့ ပြောလာသူကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မကြည်ပြာပဲ ဖြစ်ပါတယ်။ မကြည်ပြာဟာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရှိတဲ့ ၁၈ ယောက်သော အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေထဲက တစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မြို့တော်စည်ပင်သာယာရေးရာ ကိစ္စတွေကို တက်ကြွစွာ တင်ပြဆွေးနွေးသူတစ်ဦးအဖြစ်ရော၊ သူမရဲ့ မဲဆန္ဒနယ် ဖြစ်တဲ့ ကျောက်တံတားမြို့နယ်ရဲ့ စည်ပင်သာယာဖွံ့ဖြိုးရေးလုပ်ဆောင်မှုတွေလုပ်ဆောင်သူတစ်ဦး အဖြစ်နဲ့ရော ထင်ရှားသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။ “အစ်မ ငယ်ငယ်တည်းက အမျိုးသမီး ဖြစ်လို့ဆိုပြီး ကြောက်ရွံ့အားငယ်တယ်လို့ မရှိခဲ့ဘူး။ ဖြတ်သန်းရတဲ့ဘဝအတွေ့အကြုံနဲ့ မိဘရဲ့ ယုံကြည်ပေးမှုက အရမ်း အရေးကြီးတယ်။ မိဘတွေက သမီးမိန်းကလေးတွေကို ဟိုဟာလည်း မလုပ်နဲ့ ဒီဟာလည်း မလုပ်နဲ့ ဆိုတာတွေကြောင့် သမီးမိန်းကလေးတွေက ရှက်ရွံ့လာတယ်။ မိန်းကလေးဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ဖြစ်၊ အတူတူပဲ။ အတူတူ ဖြတ်သန်းခွင့် ရရမယ်လို့ အစ်မ ခံယူထားတယ်။”

 

 

အစိုးရဝန်ထမ်းမိဘတွေကနေ မွေးဖွားလာခဲ့တဲ့ မကြည်ပြာမှာ အစ်မတစ်ဦးသာရှိပြီး သူမကတော့ သမီးငယ် ဖြစ်ပါတယ်။ ငယ်စဥ်တည်းက ပညာရေးအားပေးပြီး သမီးတွေအပေါ်မှာယုံကြည်မှုပေးတဲ့မိဘတွေကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစွာ ကြီးပြင်းလာခဲ့သလို နိုင်ငံရေးသမားဖြစ်တဲ့ ဖခင်ဆီကနေ နိုင်ငံရေးစိတ်ဓါတ်တွေကို အမွေရရှိခဲ့သူ ဖြစ်ပါတယ်။ စာကြိုးစားတဲ့သူမဟာ ကျောင်းမှာလည်း ပထမဆုများကို ဆွတ်ခူးခဲ့သလို ဆရာ/ဆရာမများရဲ့ အသိအမှတ်ပြုခြင်းကို ခံရတဲ့ ကျောင်းသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ငယ်စဥ်က အင်ဂျင်နီယာဖြစ်ချင်ခဲ့တဲ့ သူမဟာ မြန်မာနိုင်ငံရဲ့ မိန်းကလေးအမှတ်၊ ယောကျာ်းလေးအမှတ်ဆိုပြီး ခွဲခြားသတ်မှတ်ထားတဲ့ မူဝါဒကြောင့် သူမရဲ့ ၁၀တန်းအောင်ရမှတ်ဟာ အင်ဂျင်နီယာကျောင်းဝင်ခွင့်မှာ ယောကျ်ားလေးတွေအတွက် သတ်မှတ်ထားတဲ့ အမှတ်ထက် ပိုများခဲ့ပေးမယ့်လည်း မိန်းကလေးတွေအတွက် သတ်မှတ်ထားတဲ့ ရမှတ်ထက် ၂ မှတ်နည်းခဲ့တာကြောင့် သူမဖြစ်ချင်ခဲ့တဲ့ အင်ဂျင်နီယာဖြစ်ခွင့်ကိုတော့ လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမအတွက် ဒါဟာ စိတ်ဓါတ်ကျစရာ မဟုတ်ခဲ့ပဲ တွန်းအားဖြစ်ခဲ့ပါတယ်။ “အင်ဂျင်နီယာ မဖြစ်ရတော့ အစ်မတော့ ဒီတစ်သက် အနည်းဆုံး ဘွဲ့ ၇ ခုရအောင်ယူမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာပဲ” လို့ သူမက ပြောပြပါတယ်။

မကြည်ပြာရဲ့ ငယ်ဘဝဟာ ကျောင်းပညာရေးတစ်ခုကိုပဲ ကြိုးစားရင်း ကုန်ဆုံးခဲ့ရတာ မဟုတ်ပါဘူး။ အစိုးရဝန်ထမ်းဖြစ်တဲ့ သူမတို့ မိသားစုဟာ မချောင်လည်ခဲ့တဲ့အတွက် သူမ ၁၀ တန်းအောင်ပြီးချိန်ကစပြီး အလုပ်လုပ်ရင်း အဝေးသင်တက်ရောက်ခဲ့ပါတယ်။ “အစ်မကျောင်းတက်ခဲ့တာအကုန်လုံးက ကိုယ်ပိုင် ဝင်ငွေနဲ့ တက်ခဲ့တာချည်းပဲ၊ ၁၆နှစ်မပြည့်ခင်ကစပြီး ၂၃ နှစ်လောက်အထိ စားသောက်ဆိုင်တို့ ကုမ္မဏီတို့မှာ အလုပ်လုပ်ခဲ့တယ်၊ စာသင်တာလည်း စိတ်ဝင်စားတာမို့ အလုပ်လုပ်ရင်း ကလေးတွေကို စာသင်ပေးတယ်။ သင်တန်းတွေကိုလည်း တစ်ဖက်ကတက်တယ်။ ၂၀၀၆ ခုနှစ် ပထမဆုံး အဂ်လိပ်စာမာစတာတန်း စတက်တော့ လခစားအလုပ်တွေက ထွက်လိုက်တယ်။ စာသင်ပြီး ဝင်ငွေရှာရင်းနဲ့ မာစတာတန်း တက်ခဲ့တယ်။ပညာရေး အတွက် မိဘကို တစ်ခုမှ ဒုက္ခမပေးခဲ့ပဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ တက်ခဲ့တာချည်းပဲ”။ မကြည်ပြာသည် အဝေးသင် တက်ရင်းရရှိခဲ့တဲ့ အဂ်လိပ်စာဘွဲ့နဲ့အတူ ဒီပလိုမာဘွဲ့များ၊ MA. English, Master of Business Administration (MBA)၊ Master of Public Administration (MPA) အပါအဝင် သူမဆုံးဖြတ်ခဲ့သလို ဘွဲ့ ၇ ခုကိုလည်း ရရှိ ထားပါတယ်။

“အစ်မက စာဖတ်တာကို နဂိုတည်းက ဝါသနာပါတယ်။ သမိုင်းစာအုပ်တွေလည်း ဖတ်တယ်။ နိုင်ငံရေးကို စိတ်ဝင်စားတာကတော့ ပညာရေးနဲ့လည်း အများကြီး ဆက်နွယ်သွားတယ်။ အဂ်လိပ်စာ သင်ရိုးညွှန်းတမ်းတွေမှာ နိုင်ငံတကာက စာအုပ်တွေကိုဖတ်ရတော့ နိုင်ငံတွေအကြောင်းဆွေးနွေးကြတဲ့အခါမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ အကြောင်းတောင် ပါတယ်။ မြန်မာနိုင်ငံကို ညွှန်းထားတာမျိုးကျ မတွေ့ခဲ့ဘူး။ အဲ့အချိန်မှာ စဥ်းစားမိတာကငါတို့ နိုင်ငံက နိုင်ငံတကာအလယ်မှာ ထင်ထင်ပေါ်ပေါ်မရှိပါလားလို့ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ အစ်မ စင်ကာပူမှာ အလုပ်လုပ်ဖို့လည်း အလုပ်လျှောက်ဖူးတယ်။ မာစတာရပြီးမှ လျှောက်တာ၊ ဒါပေမဲ့ အဲဒီ့အလုပ်က မြန်မာနိုင်ငံက မာစတာဘွဲ့မို့လို အသိအမှတ် မပြုဘူးဆိုလို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ နိုင်ငံကို ဒီလိုဖြစ်စေတဲ့ စနစ်ကို ပြောင်းနိုင်ဖို့ နိုင်ငံရေးလုပ်ရမယ်ဆိုတဲ့ စိတ်ဖြစ်ခဲ့တယ်” လို့ သူမရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ စတင်လာခဲ့ရတဲ့ အကြောင်းရင်းတွေကို ပြောပြပါတယ်။ “ဒယ်ဒီကလည်း နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့သူ ဖြစ်ပြီးတော့ အစ်မငယ်ငယ်တည်းက သမိုင်းကြောင်းတွေ တော်လှန်ရေးအကြောင်းတွေ ပြောပြခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာတော့ အစ်မကိုယ်တိုင် ပါဝင်ခဲ့တယ်။ သေနတ်တွေနဲ့ ပစ်တာ၊ ပြည်သူတွေ ပြေးရလွှားရတာလည်း ကိုယ်တိုင်မြင်ခဲ့သလို အစ်မတို့ကိုယ်တိုင်လည်း ပြေးခဲ့လွှားခဲ့ရတယ်။” ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တဲ့ သူမရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ တဖြည်းဖြည်း ပိုမိုခိုင်မာလာခဲ့ကာ ၂၀၁၀ ခုနှစ်မှာတော့ ပါတီနိုင်ငံရေးထဲ စတင်ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ NLD ပါတီရဲ့ တာမွေမြို့နယ် အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရကာ ပါတီနိုင်ငံရေးထဲကို ခြေစုံပစ် ဝင်ရောက်ခဲ့ပါတယ်။

“၂၀၁၂ မှာ မဲဆွယ်စည်းရုံးရေးတွေသွားတော့ နယ်မြို့ ၃ မြို့နယ်ကို သွားခဲ့တယ်။ အဲ့တည်းက အမတ် စဖြစ်ချင်ခဲ့တာ။ လိုက်ရင်းနဲ့ သနပ်ပင်တို့ မြောင်းမြတို့ဆိုတာ ရွာတွေမှာ လိုအပ်ချက်တွေ အရမ်းများတာ။ မဲဆွယ်စည်းရုံး ရင်းနဲ့ ပြည်သူတွေမှာ နိုင်ငံရေးကို မသိတာတွေ၊ စိတ်မဝင်စားတာတွေ တွေ့ခဲ့ရတယ်။ ပညာရေးချို့တဲ့တာတွေ တွေ့တယ်။ ငါလည်း ၂၀၁၅ ကျရင် အမတ်ဖြစ်ချင်တယ်။ အသိပညာတွေ ပေးချင်တယ်။ ပြည်သူတွေဘဝတွေ တိုးတက်ဖို့အတွက် အလုပ်လုပ်ပေးချင်တယ်လို့ စိတ်ဖြစ်ခဲ့တယ်” လို့ သူမရဲ့ ကိုယ်စားလှယ်လောင်းအိမ်မက် အစကို ပြောပြပါတယ်။ အဲဒီ့ရည်ရွယ်ချက်တွေနဲ့ပဲ သူမဟာ ၂၀၁၅ ခုနှစ်မှာတော့ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်ချင်ခဲ့ပေမဲ့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ခံမယ့် အစီအစဥ်ကနေ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးကိုယ်စားပြု ကိုယ်စားလှယ်လောင်းအနေနဲ့ ယှဥ်ပြိုင်ဖို့ သူမရဲ့ ပါတီက တာဝန်ပေးခြင်းကို ခံခဲ့ရပါတယ်။

သူမ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရတဲ့ မဲဆန္ဒနယ်ဟာ တခြားမြို့နယ်ဖြစ်တဲ့အတွက် အစမှာ အခက်အခဲတွေ ကြုံခဲ့ပေမဲ့ လည်း သူမရဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ သတ္တိရှိရှိ ရဲရင့်ပြတ်သားစွာ စကားပြောဆိုတတ်မှုတွေကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီး ပြည်သူတွေရဲ့ ရွေးချက်တင်မြှောက်မှုနဲ့ ကျောက်တံတား မြို့နယ် အမှတ် (၁) ရဲ့ ရွေးကောက်ခံကိုယ်စားလှယ် လွှတ်တော်အစ်မတ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

“စစချင်းတော့ မဲဆန္ဒနယ်က လူတွေရဲ့ အမြင်မှာတော့ လူငယ်တစ်ယောက်ဖြစ်တယ် အမျိုးသမီးဖြစ်တယ် လုပ်နိုင်ပါ့မလားလို့ အတွေးမျိုး ရှိပုံတော့ ပေါ်တယ်။ အစ်မက နဂိုတည်းက စာသင်တဲ့သူဆိုတော့ စကားကို ပြေပြေလည်လည်ပြောနိုင်တယ်။ ဖြေရှင်းနိုင်တယ်။ ဘာသတိထားမိလဲဆိုတော့ အမျိုးသမီးတွေဆိုရင် နိုင်ငံရေးလုပ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေ ရှိတယ်ဆိုတာတော့ သတိထားမိတယ်။ ပါတီမှာ ပြန်လည် ဖွဲ့စည်းရေးလုပ်တဲ့အချိန်မှာတုန်းကလည်း မြို့နယ်တွေမှာ အမျိုးသမီးအင်အား တော်တော်နည်းခဲ့တယ်။ အမျိုးသမီးတွေက နောက်ကကူပေးမယ်။ ယောက်ကျားတွေက ရှေ့ကနေရမယ်ဆိုတဲ့ အမြင်မျိုးတွေ စွဲနေခဲ့ကြတာ”။

အခမ်းအနားတစ်ခုတွင် မကြည်ပြာ စကားပြောနေစဥ်။ 

ရိုးရာဓလေ့အစဥ်အလာတွေ၊ ကန့်သတ်ချက်တွေ၊ ဖိုဝါဒကြီးစိုးတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ တည်ဆောက်မှုပုံစံတွေ ကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုတာ အမျိုးသမီးတွေနဲ့ မဆိုင်သလို အနေအထားဖြစ်ခဲ့ပါတယ်။ မည်သူမဆို နိုင်ငံရေးနဲ့ ခေါင်းဆောင်မှုနေရာတွေမှာ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ဖို့ဆိုရင် ကိုယ်တိုင် အရည်အချင်းနဲ့ ယုံကြည်မှုရှိဖို့ လိုအပ်သလို မိသားစုရဲ့ ပံ့ပိုးကူညီမှု၊ ပတ်ဝန်းကျင်ရဲ့ အားပေးထောက်ခံမှုတွေဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိလို့နေပါတယ်။ အစဥ်အလာအရ နိုင်ငံရေးမှာ ဦးဆောင်ရာကနေ ပါဝင်ဖို့ လူမှုစံနှုန်းကန့်သတ်ချက်တွေ၊ ကန့်သတ်ချက်တွေကို ကြုံနေရတဲ့ အမျိုးသမီးတွေအတွက်ဆိုရင် အဲဒီ့ထောက်ပံ့အားပေးမှုတွေက ပိုပြီးတော့ အရေးပါလိုအပ်သလို အထောက်အပံ့ကောင်းတွေဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်စေတယ်ဆိုတာကိုလည်း မကြည်ပြာက သက်သေပြလို့ နေပါတယ်။

“အဖေက နိုင်ငံရေးမှာ စိတ်အားထက်သန်လာအောင် တွန်းအားပေးခဲ့တယ်။ နောက် တာမွေမြို့နယ်က နိုင်ငံရေး လုပ်ဖောက်ကိုင်ဖက် အစ်ကိုတွေက ဝိုင်းဝန်းအားပေးကြတယ်။ အစ်မရဲ့ ပတ်ဝန်းကျင်က အများကြီး အားသာချက်တွေ ဖြစ်ခဲ့တယ်။ အိမ်မှုကိစ္စ မိသားစုကိစ္စတွေ စီးပွားရေးအတွက်လည်း အမျိုးသားက အများကြီး ကူညီထောက်ပံ့ပေးခဲ့တယ်။ အိမ်ထောင်ဖက်ရဲ့ ပံ့ပိုးကူညီမှုတွေဟာလည်း နိုင်ငံရေးမှာ တကယ်ကို အားဖြစ်စေတယ်။ အစ်မကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ ကြိုးစားခဲ့တယ်” လို့ မကြည်ပြာက ဆိုပါတယ်။

မကြည်ပြာနှင့် သူမ၏ ဖခင်။

အမျိုးသမီးတွေဟာ ခေါင်းဆောင်မှုနေရာတွေကို ရရှိပြီးတဲ့နောက်မှာလည်း လူမှုအသိုင်းအဝိုင်းရဲ့ အမြင်တွေနဲ့ စောင့်ကြည့်အကဲဖြတ်မှုတွေကို ခံကြရပါသေးတယ်။ အမျိုးသမီးမို့ လုပ်နိုင်ပါ့မလား၊ ဖြစ်ပါ့မလားဆိုတဲ့ အမြင်တွေကို ကျော်လွှားတွန်းလှန်ရတာလည်း အမျိုးသမီးတွေ ဆက်လက်ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေထဲက တစ်ခုလို့ ပြောရင် မှားမယ် မထင်ပါဘူး။ “အစ်မတို့ အမျိုးသမီးအမတ်တွေက အရမ်းအလုပ်လုပ်ကြတယ်။ အမျိုးသား အမတ်တွေထက် ပိုပြီး အလုပ်လုပ်တယ်လို့လည်း မှတ်တမ်းတွေအရ သိရတယ်။ အစ်မထင်တာတော့ ငါတို့ကို အမျိုးသမီးဆိုပြီး အထင်မသေးရလေအောင် မလုပ်နိုင်ဘူးလို့ မထင်ရလေအောင် ပိုပြီး ကြိုးစားကြတာလို့ ထင်တယ်”။

မကြည်ပြာသည် ၂၀၁၅ - ၂၀၂၀ လွှတ်တော်သက်တမ်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ အကျိုးအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနနဲ့ တက်ကြွစွာလုပ်ဆောင်ခဲ့သူပြီး ရလာဒ်ကောင်းများကိုလည်း ရရှိခဲ့ပါတယ်။ “စာရင်းစစ်ချုပ်အစီရင်ခံစာကို သေချာဖတ်တယ်။ မဖြစ်စလောက်ငှားရမ်းခတွေနဲ့ အရင်အစိုးရ လက်ထက်က လုပ်ခဲ့တာတွေရှိတယ်။ အခုကျတော့မှ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရတွေနဲ့ ပြန်ညှိနှိုင်း ဆွေးနွေးပြီး ပြန်ပြင်နိုင်ခဲ့တာတွေကြောင့် ဘဏ္ဍာငွေ ပိုတိုးလာတာတွေလည်း ရှိခဲ့တယ်။ အစ်မတို့ မေးခွန်းတွေ မေးနိုင်ခဲ့လို့ ပြည်သူတွေဆီ သတင်းအချက်အလက်တွေကို ပွင့်ပွင့်လင်းလင်းချပြနိုင်ခဲ့တယ်။ ပြည်သူတွေလည်း သိသွားရတယ်။ အစ်မတို့က လွှတ်တော်ထဲကနေ ဝင်ငွေတွေ မှန်မှန်ကန်ကန်ရလာဖို့ မေးခွန်းတွေ မေးတယ်။ အစိုးရလည်း တတ်နိုင်သလောက် လိုက်လုပ်တဲ့အတွက် ပြည်သူ့ဘဏ္ဍာတွေ တိုးပွားလာခဲ့တယ်။ ဥပမာ အဝေးပြေးဝင်းတွေက ရတဲ့ တင်ဒါကြေးဟာ အရင်ကာလတွေတုန်းကရနေတာ ကျပ်သန်း၂၀၀၀ ကနေ အခု ကျပ်သန်း ၁၈၀၀၀ ဖြစ်လာတဲ့ကိစ္စကို ပြည်သူတွေသိအောင် လွှတ်တော်ထဲမှာ မေးခွန်းတွေ မေးပြီး ချပြနိုင်ခဲ့ တယ်။ ဘတ်ဂျက်ဆိုင်ရာနဲ့ ဥပဒေဆိုင်ရာတွေကိုလည်း ဝင်ရောက်ဆွေးနွေးနိုင်ခဲ့သလို မြို့နယ်အတွင်းက ပြည်သူတွေအတွက် အတိုင်းအတာ တစ်ခုလုပ်နိုင်ခဲ့တာ ကျေနပ်တယ်” လို့ သူမက ပြောပြပါတယ်။

အခြားသော အမျိုးသမီးတွေကိုလည်း နိုင်ငံရေးမှာ ပါဝင်လာပြီး ဦးဆောင်ဦးရွက်ပြုစီမံခန့်ခွဲရတဲ့ နေရာတွေကို ရောက်စေချင်တာကလည်း မကြည်ပြာရဲ့ ဆန္ဒတစ်ခုဖြစ်ပါတယ်။ “မိန်းကလေးတွေ၊ အမျိုးသမီးတွေကို မိဘတွေနဲ့ မိသားစုက မထိန်းချုပ်ထားပဲ လမ်းဖွင့်ပေးသင့်တယ်။ အမျိုးသမီးတွေကို ပံ့ပိုးထောက်ပံ့ပေးဖို့ လည်းလိုတယ်။ ကြားထဲမှာ အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ အဆက်ပြတ်ခဲ့ရတဲ့အတွက် ဖြည့်စွမ်းပေးရမှာတွေ ရှိတယ်။ ပါတီတွေမှာဆိုရင်လည်း အမျိုးသမီးတွေဆို ဧည့်ခံကြိုဆိုရေးမှာ လုပ်ခိုင်းတာထက် စီမံခန့်ခွဲမှုတွေမှာ လုပ်နိုင်ဖို့ အခွင့်အရေးပေးတာမျိုးတွေ လုပ်သင့်တယ်။ အမျိုးသမီးတွေက လက်တလောအနေအထားမှာ နောက်ခံ သမိုင်းကြောင်းအရ ခွဲခြားမှုတွေကြုံခဲ့ရတော့ လိုအပ်နေသေးတာတွေ ရှိမယ်။ အဲ့ဒါတွေကို အားလုံးက ဝိုင်းပြီး ပံ့ပိုးပေးရမယ်။ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်ကိုကိုယ် ယုံကြည်ဖို့လိုတယ်။ တည်ဆောက်ဖို့ လိုတယ်။ လေ့လာဖို့ လိုတယ်။ ဘယ်နယ်ပယ်မှာမဆို အမျိုးသမီးတွေ ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားကြတဲ့အခါမှာ ငါတကယ်လုပ်ချင်ရဲ့လားလို့ ပြန်စဥ်းစားဖို့ လိုတယ်။ လွှတ်တော်အစ်မတ်ဖြစ်ရင် ဆံထုံးလေးထုံးပြီး ပုဝါလေးနဲ့ တက်ရတာ ပျော်စရာမဟုတ်ဘူး။ ပြည်သူက မှတ်ကျောက်တင်နိုင်တဲ့သူဖြစ်ဖို့ဆိုရင် ကိုယ်တိုင်ပြင်ဆင်ဖို့ လိုတယ်။ ပြင်ဆင်ရင်း ကြိုးစားရင်းနဲ့ အလုပ်လုပ်ရမယ်။ အမျိုးသမီးတွေ အရင်ဆုံး ကိုယ့်ကိုကိုယ် ယုံကြည်ကြပါလို့ ပြောချင်ပါတယ်။”

 

(Dislaimer: ဤဇာတ်လမ်းစတိုရီတွင် အသုံးပြုထားသော ဓါတ်ပုံများသည် မကြည်ပြာ၏ ခွင့်ပြုချက်ဖြင့် သူမ၏ Facebook စာမျက်နှာမှ ရယူအသုံးပြုထားခြင်းဖြစ်ပါသည်။) 

ရေးသားသူ - ရည်မွန်ဦး, Advocacy and Campaigns Coordinator, Oxfam in Myanmar

(ဤဇာတ်လမ်းစတိုရီအား SIDA နှင့် Oxfam Novib တို့မှ ရံပုံငွေထောက်ပံ့၍ Oxfam in Myanmar နှင့် ဖန်တီးအိမ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် "အမျိုးသမီးများ၏ နိုင်ငံရေးတွင် ပါဝင်မှုနှင့်ခေါင်းဆောင်မှုအား အားပေးမြှင့်တင်ခြင်း" စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ရေးသားထားခြင်းဖြစ်သည်။)