ရင်ဆိုင်တိုက်ရင်း ရှေ့ဆက်သူ

Daw Doi Bu meeting with public

Daw Doi Bu meeting with public

အမျိုးသမီးတွေကို ကျွန်မ ပြောချင်တာက ဘယ်လောက်အတိုက်အခိုက်များများ အရှုံးမပေးပါနဲ့။ တိုက်ခိုက်မှုတွေကို ဝမ်းနည်းစရာလို့ မခံယူပဲ ကျော်လွှားလိုက်ရင် အောင်မြင်မှုအတွက် လှေကားထစ်တွေဖြစ်သွားတယ်။
ဒေါ်ဒွဲဘူ

“နိုင်ငံရေးနဲ့ပတ်သက်ပြီး အရမ်းကိုအခက်အခဲတွေ ကြုံခဲ့ရတယ်။ ဒုက္ခဆင်းရဲတွေက ပိုပြီးတော့သန်မာအောင် တွန်းအားပေးလိုက်တယ်။ အရင်က ရွေးကောက်ပွဲဝင်ခဲ့တယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ဖို့အတွက် လွှတ်တော်ကနေ လုပ်လို့ရတယ်ဆိုပြီး ဝင်ရွေးခံခဲ့တာ။ အခုကျတော့ ဆက်ပြီးလုပ်ချင်နေတဲ့ ပြည်သူအကျိုးပြု လုပ်ငန်းတွေကို ဆက်လုပ်နိုင်ဖို့၊ မတရားမှုတွေကို တိုက်ဖျက်ဖို့ အတွက် ဆက်အရွေးခံမှာ။ အစကတော့ ပါတီတွေမှာယောကျ်ားတွေချည်းပဲ ဥက္ကဌနေရာ ယူခဲ့တယ်။ ကျွန်မတို့ ပေါင်းစည်းပါတီမှာတော့ ပါတီမူဝါဒရေးဆွဲတာတွေ၊ ဦးဆောင်တဲ့နေရာတွေမှာ ကျွန်မ ပါဝင်ခဲ့တယ်။  အခုကျွန်မက ပါတီရဲ့ ဒုတိယ ဥက္ကဌ (၁) အဖြစ်တာဝန်ပေးခြင်းခံရပြီးတော့  မူဝါဒရေးရာရော၊ ပြောရေးဆိုခွင့်ရော တာဝန်ကိုယူထားပါတယ်” လို့ ပြောပြလာသူကတော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က ဒေါ်ဒွဲဘူပဲ ဖြစ်ပါတယ်။ ဒေါ်ဒွဲဘူသည် ၂၀၁၀-၂၀၁၅ တွင် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်ကိုကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ကာ ယခု ၂၀၂၀အထွေထွေ ရွေးကောက်ပွဲကြီးမှာလည်း မြစ်ကြီးနားမဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်တော်အတွက် ဝင်ရောက်ယှဥ်ပြိုင်အရွေးခံမယ့် ကချင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ဒေါ်ဒွဲဘူဟာ ကချင်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး သူမအသက် တစ်နှစ်ကျော်အရွယ်မှာ စစ်ဘေးကြောင့် မိဘများနဲ့အတူ စစ်ဘေးရှောင်ရင်း မေမြို့မှာ နှစ်အတန်ကြာနေထိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ သူမတို့ရဲ့ ငယ်ဘဝက အိမ်လေးနဲ့ ရွာလေးကတော့ ၁၉၆၂-၁၉၆၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ဘေးဒဏ်ကြားမှာ မီးလောင်ပျက်စီးခဲ့ရပါတယ်။ ပညာတတ်ပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ မိသားစုမှာ မွေးဖွားကြီးပြင်းလာခဲ့ရပေမယ့် လည်း ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ချိန်မှာတော့ ကချင်တိုင်းရင်းသူတစ်ယောက်အနေနဲ့ ခွဲခြားဆက်ဆံမှုအချို့ကို ကြုံတွေ့ခဲ့ရပါတယ်။ “ရန်ကုန်ရောက်တော့ ခွဲခြားဆက်ဆံခြင်း ခံရတယ်။ နင်တို့ ကချင်တွေက လူသားစားလားလို့ အမေးခံရတယ်။ ကျွန်မလည်း ပြန်ပြောလိုက်တယ်။ ဟုတ်တယ် ငါတို့က လူသားစားတယ်။ စိတ်တိုလာရင် စားပစ်မှာဆိုပြီး ပြန်ပြောလိုက်တာပဲ” လို့ သူမက ရယ်မောပြီး ပြောပြပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်သလို လူမျိုးစုတစ်စုနဲ့တစ်စုရဲ့ ယဥ်ကျေးမှုတွေ ဟာလည်း မတူညီကြပါဘူး။ ကူးလူးဆက်သွယ်မှု အားနည်းမှုပေါ်မှာ အခြေခံတဲ့ မတူညီတဲ့အမြင်တွေ၊ နားလည်မှု ကွဲလွဲမှုတွေ ရှိနေခဲ့ပြီး တစ်ဆင့်စကားတစ်ဆင့်နားကြားယောင်ကာ လူမျိုးစုတွေကို ပုံသေကားကျ စဥ်းစားယူဆမှုတွေလည်း ရှိလို့နေပါတယ်။ ဒါဟာ လူနည်းစုသောတိုင်းရင်းသားလူမျိုးစုတွေ အထူးသဖြင့် အဲဒီ့လူမျိုးစုတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်လေးတွေအတွက် လူများစုဖြစ်တဲ့ပြည်မမြို့ကြီးများက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေနဲ့ မတူညီတဲ့ အခက်အခဲစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့စေပါတယ်။ “တချို့အခွင့်အရေးတွေက တောင်းယူမှ ရတာ၊ မတောင်းရင် မရဘူး၊ ကိုယ့်ဟာကို ကွန်ဖီးဒန့်စ် ရှိဖို့ပဲ လိုတာ” လို့ မဒွဲဘူက သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝ ပြည်ထောင်စုနေ့မှာ ကိုယ်စားပြု စကားပြောခွင့်ရရေးအတွက် ကိုယ်တိုင်ပြောဆိုတောင်းဆိုခဲ့ရတဲ့ အကြောင်းကို မျှဝေရင်း သူမရဲ့ ယုံကြည်မှုကို ပြောပြပါတယ်။

ဒေါ်ဒွဲဘူသည် ဥပဒေဘာသာရပ်ကို သင်ယူလေ့လာခဲ့ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးအဖြစ် အမှုအခင်း ပေါင်းများစွာကို လိုက်ပါပေးခဲ့သူလည်း ဖြစ်ပါတယ်။ “၁၉၉၁ ကနေ တောက်လျှောက်လိုက်ခဲ့ရတဲ့ အမှုတွေအများကြီးမှာ ၁၇(၁) အမှုတွေ (တရားမဝင်အသင်းအဖွဲ့နှင့် ဆက်သွယ်မှု) များခဲ့တယ်။ အရမ်းစိတ်ဆင်းရဲတယ်။ မတရားမှုတွေ အများကြီး တွေ့တယ်။ မူးယစ်မှုတွေဆိုလည်း နည်းနည်းလေးနဲ့ ခံရတာတွေ များကြီးပဲ။ မသိနားမလည်လို့ ခံရတာလည်း အများကြီးတွေ့တယ်။ အဲ့တည်းက အမှုသည်တွေကို တတ်နိုင်သလောက် ကူညီပေးခဲ့တယ်။ အဲဒီ့ခေတ်ကာလက မှန်နေရင်တောင် ငွေကြေးမတတ်နိုင်လို့ မတရားခံရတာတွေကို တွေ့ခဲ့ရတယ်။ တစ်ဖက်ကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီးငွေရှာရင်း လိုအပ်နေတဲ့အမှုသည်တွေကို ကူညီပေးခဲ့တယ်။” ဒေါ်ဒွဲဘူဟာ ၁၉၈၈ ခုနှစ် အရေးအခင်းမှာလည်း  ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် လုပ်ဆောင်ခဲ့တဲ့ အမျိုးသားညီလာခံမှာလည်း ကချင်ပြည်နယ်ကနေ တိုင်းရင်းသားကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့ပါတယ်။ “ဖွဲ့စည်းပုံကို ဆွေးနွေးနေကြတဲ့အချိန်မှာတည်းက ပြည်နယ်တွေရဲ့လုပ်ပိုင်ခွင့်တွေ ကြည့်တော့ လုပ်ပိုင်ခွင့်တွေ နည်းနေတာကို သိခဲ့တယ်။ ဒါပေမဲ့ အဲ့တုန်းက ဆွေးနွေးခွင့်မရခဲ့သလို ဘယ်လိုဆွေးနွေးရမလဲလည်း မသိခဲ့ဘူး။ အဲဒီ့ဖွဲ့စည်းပုံရဲ့ အခန်း ၁၂မှာတော့ ဒီဖွဲ့စည်းပုံကို  ပြင်ချင်ရင် အနာဂတ်မှာ ပြင်လို့ရမယ်ဆိုတာကို သိခဲ့တယ်။ လွှတ်တော်ဆိုတာ ဘာမှန်းသေချာ မသိခဲ့ပေမဲ့ ဒါကို ပြင်ချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ပြင်လို့ရတယ်ဆိုတာ မှတ်ထားခဲ့တယ်။”

“အမျိုးသမီးတစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရှိချင်တယ်။ အမျိုးသမီးတွေအတွက် လုပ်ပေးချင်ခဲ့တယ်။ လွှတ်တော်ဆိုတာ ဘာမှန်းမသိခင်တည်းက ကျွန်မရောက်ခဲ့ချင်တာ။ ပထမအကြိမ် ရွေးကောက်ပွဲဝင်တော့ ကိုယ့်နယ်မြေမဟုတ်တဲ့ လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲတဲ့ နေရာမှာ ပြိုင်ခဲ့ရတယ်။ အခုအကြိမ်ကျတာ့ ပိုပြီး တာဝန်ကြီးတဲ့ နေရာမှာ ယှဥ်ပြိုင်ရတယ်။ အမျိုးသမီးတွေဟာ ပိုခက်ခဲ့တဲ့ တာဝန်ကို ယူရလေ့ ရှိတယ်”

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရှိပေမဲ့လည်း လွှတ်တော်နိုင်ငံရေးမှာတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ၂၀၁၉ အချက်အလက်များအရ ၁၂ ရာခိုင်နှုန်းတောင် မရှိပါဘူး။ နိုင်ငံရဲ့ ထိပ်ပိုင်းနေရာတွေမှာ အမျိုးသမီးခေါင်းဆောင်တွေ ရှားပါးခဲ့မှုကနေအစပြုလို့ အမျိုးသမီးဆိုရင် နိုင်ငံရေးနဲ့ မသက် ဆိုင်ဘူးဆိုတဲ့ အမြင်၊ အမျိုးသားတွေ ခေါင်းဆောင်နိုင်ရေးအတွက် နောက်ကွယ်က ပံ့ပိုးပေးရမယ်ဆိုတဲ့ အယူအဆတွေနဲ့၊ အိမ်ထောင်တစ်ခုရဲ့ ဦးစီးကို အမျိုးသားများသာ ဖြစ်သင့်တယ်ဆိုတဲ့ အစဥ်အလာတွေဟာ အမျိုးသမီးတွေ ထိပ်ပိုင်းဦးဆောင်မှုကဏ္ဍကို ရောက်ရှိနိုင်ဖို့အတွက် ရှိနေတဲ့ အဟန့်အတားတွေထဲက အချို့လည်း ဖြစ်နေပါတယ်။ အစဥ်အလာအရ ဖိုဝါဒကြီးစိုးခဲ့တဲ့လူမှုအသိုင်းအဝိုင်းမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေ ခေါင်းဆောင်မှုနေရာမှာပါဝင်လာဖို့ကို အားပေးမှုပြုဖို့ထက် ပိတ်ပင်တားဆီးမှုတွေ ရှိနေဆဲ ဆိုတာကို သုတေသနများအရရော၊ အမျိုးသမီးခေါင်းဆောင်တွေ ကျော်ဖြတ်လာရတဲ့ အတွေ့အကြုံတွေကရော သက်သေပြနေပါတယ်။ ဒီလိုအခြေအနေတွေဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်နေပြီး လူနည်းစုဖြစ်တဲ့တိုင်းရင်းသားမျိုးနွယ်စုတွေက အမျိုးသမီးတွေဟာ ပိုမိုများပြားတဲ့ စိန်ခေါ်မှုနဲ့ အတားအဆီးတွေကို ကြုံတွေ့ရပါတယ်။

လွှတ်တော်ထဲကို ရောက်ခဲ့ပြီးနောက်မှာလည်း ဒေါ်ဒွဲဘူဟာ ဥပဒေရေးဆွဲရေး၊ ငြိမ်းချမ်းရေး၊ ဘတ်ဂျက်ရေးရာနဲ့ ဒေသဖွံ့ဖြိုးရေးရံပုံငွေဆိုင်ရာကိစ္စရပ်တွေကို တက်တက်ကြွကြွ အဆိုတင်ဆွေးနွေးမှုတွေလုပ်ခဲ့သလို ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလမှာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဆီတင်ပြပြီး စောင့်ကြည့်ထိန်းညှိမှုလုပ်ဖို့ ဦးဆောင်ခဲ့တဲ့ ပထမဆုံးသော လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ခေါင်းဆောင်မှု ကဏ္ဍတွေမှာ တာဝန်ယူနေရပေမဲ့လည်း မိသားစုအရေးကိစ္စတွေကို မျက်ကွယ်ပြုထားလို့ မရတဲ့ အနေအထားဟာ အမျိုးသမီးတွေ ခေါင်းဆောင်မှုနေရာ ရောက်ရှိဖို့နဲ့ ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုတွေအဖြစ် ရှိလို့နေပါတယ်။ “အစမှာ ကျွန်မ လွှတ်တော်ကို လုံးဝမပျက်ကွက်ခဲ့ဘူး။ ကလေး ၁၀ တန်းဖြေတာကိုလည်း အိမ်မပြန်ခဲ့ဘူး။ လွှတ်တော်မပျက်ချင်လို့။ ကလေးတွေကို သူများတွေက လာကြည့်ပေးတယ်။ လုပ်ရတဲ့အလုပ်တွေက တာဝန်ကြီးပြီး စိတ်ဖိစီးမှုတွေများနေတဲ့အချိန်မှာ အိမ်မှာ မိသားစုပြဿနာတွေ ဖြစ်တယ်။ သားအဖ ၃ ယောက်ပဲ အိမ်မှာထားခဲ့ရတော့ သားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစအရာရာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။” လို့ ဒေါ်ဒွဲဘူက သူမရဲ့လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း မိသားစုဘဝမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုလည်း ပြောပြခဲ့ပါတယ်။ လွှတ်တော်တည်ရှိရာ နေပြည်တော်နဲ့ ကချင်ပြည်နယ်ဟာ အလှမ်းဝေးလွန်းတဲ့အတွက် သူမအနေနဲ့ မဲဆန္ဒနယ်ကိုရော၊ မိသားစုဆီကိုပါ သွားရောက်ဖို့အတွက် မလွယ်ကူခဲ့ပါ။ “၂၀၁၅ မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲမနိုင်ခဲ့တာကိုတော့ ဝမ်းမနည်းမိဘူး။ ကျွန်မရဲ့ မိသားစုကို အချိန်ပေးနိုင် ခဲ့သလို လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို ပိုလုပ်နိုင်သလို လူထုနဲ့ နီးနီးစပ်စပ် ထိတွေ့ဖို့ အခွင့်အရေးလည်း ပိုရခဲ့တယ်။”

“အမျိုးသမီးတွေကို ကျွန်မ ပြောချင်တာက ဘယ်လောက်အတိုက်အခိုက်များများ အရှုံးမပေးပါနဲ့။ တိုက်ခိုက်မှုတွေကို ဝမ်းနည်းစရာလို့ မခံယူပဲ ကျော်လွှားလိုက်ရင် အောင်မြင်မှုအတွက် လှေကားထစ်တွေဖြစ်သွားတယ်။ အမျိုးသမီးတွေက ယောကျ်ားတွေ အကူအညီမရပဲ တစ်ယောက်တည်း ရုန်းကန်ရတာလည်း ရှိတယ်။ အချို့ကျတော့လည်း ယောကျ်ားတွေက ရှာဖွေကျွေးမွေးပေမဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ရှိတယ်။ အမျိုးသမီးတွေဟာ သားသမီးနဲ့ အိမ်ထောင်မှုတာဝန်တွေကြားမှာ ရုန်းကန်ရင်း ဘဝရည်မှန်းချက်တွေ ပျောက်သွားတာတွေရှိတယ်။ ကျွန်မဆို အလုပ်တစ်ဖက်၊ မိသားစုတာဝန်က တစ်ဖက်နဲ့ ရုန်းကန်ခဲ့ရတယ်။ ဒါတွေကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းနိုင်ဖို့ လိုတယ်။ ဘယ်လောက်ပဲ အခက်အခဲရှိရှိ ဒါတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဆုံးဖြတ်ချက်ချပြီး အရှုံးမပေးတဲ့စိတ်နဲ့ ရုန်းကန်ကြဖို့ လိုတယ်။ လူ့ဘဝမှာ သေတဲ့အထိ ရုန်းကန်နေရမှာပဲ ဒါဟာ လောကနိယာမတစ်ခုပဲ။ စိတ်ဓါတ်ကြံ့ခိုင်တဲ့သူက ကျော်ဖြတ်နိုင်တယ်။” “ကျွန်မအနေနဲ့ အနာဂါတ်မှာ အမျိုးသမီးတွေကို လက်တွဲခေါ်နိုင်အောင် ကြိုးစားမယ်။ ကဏ္ဍအစုံက ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ အမျိုးသမီးတွေ ပိုပြီးပါဝင်လာဖို့ ကြိုးပမ်းသွားမယ်။ ဒါ့အပြင် လူငယ်တွေကို အနာဂတ်နိုင်ငံရေးမှာ ပုခုံးလွှဲပြောင်းယူနိုင်တဲ့အထိ လက်တွဲခေါ်ဆောင်သွားမယ်။ တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးဟာ ဆက်စပ်မှုရှိနေတဲ့အတွက် နှစ်ခုစလုံးအတွက်လည်း ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ်” လို့ ဒေါ်ဒွဲဘူက သူမရဲ့ ရည်မှန်းချက်ကို ပြောပါတယ်။

 

(Dislaimer: ဤဇာတ်လမ်းစတိုရီတွင် အသုံးပြုထားသော ဓါတ်ပုံများသည် ဒေါ်ဒွဲဘူ ၏ ခွင့်ပြုချက်ဖြင့် သူမ၏ Facebook စာမျက်နှာမှ ရယူအသုံးပြုထားခြင်းဖြစ်ပါသည်။) 

ရေးသားသူ - ရည်မွန်ဦး, Advocacy and Campaigns Coordinator, Oxfam in Myanmar

 

(ဤဇာတ်လမ်းစတိုရီအား SIDA နှင့် Oxfam Novib တို့မှ ရံပုံငွေထောက်ပံ့၍ Oxfam in Myanmar နှင့် ဖန်တီးအိမ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် "အမျိုးသမီးများ၏ နိုင်ငံရေးတွင် ပါဝင်မှုနှင့်ခေါင်းဆောင်မှုအား အားပေးမြှင့်တင်ခြင်း" စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ရေးသားထားခြင်းဖြစ်သည်။)