ဦးဆောင်လက်တွဲ စံပြသူ

ဒေါ်ရွှေရွှေစိန်လတ်

ဒေါ်ရွှေရွှေစိန်လတ်၊ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်

ဦးဆောင်လက်တွဲ စံပြသူ “အမျိုးသမီးတွေကို ခေါင်းဆောင်ဖို့ ပြောနေပြီးတော့ ကိုယ့်ကိုတာဝန်ပေးလာတဲ့အခါမှ မလုပ်နိုင်ဘူးဆိုတာ မဖြစ်သင့်ဘူး။ တာဝန်ယူမှု တာဝန်ခံမှုအကြောင်းတွေ ပြောနေပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်ဆိုတဲ့ စိတ်နဲ့ အစ်မ ရွေးကောက်ပွဲဝင်ပြိုင်ဖြစ်ခဲ
ဒေါ်ရွှေရွှေစိန်လတ်
လွှတ်တော်ကိုယ်စားလှယ်

“အမျိုးသမီးတွေကို ခေါင်းဆောင်ဖို့ ပြောနေပြီးတော့ ကိုယ့်ကိုတာဝန်ပေးလာတဲ့အခါမှ မလုပ်နိုင်ဘူးဆိုတာ မဖြစ်သင့်ဘူး။ တာဝန်ယူမှု တာဝန်ခံမှုအကြောင်းတွေ ပြောနေပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်ဆိုတဲ့ စိတ်နဲ့ အစ်မ ရွေးကောက်ပွဲဝင်ပြိုင်ဖြစ်ခဲ့တယ်” လို့ ဆိုသူကတော့ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)ရဲ့ ရွေးကောက်ခံကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်ဖြစ်ပါတယ်။ မလတ်လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သူမဟာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ တရားမျှတရေးအတွက် တက်ကြွလှုပ်ရှားသူဖြစ်ပြီး Asian Institute of Technology ကနေ Remote sensing and GIS ဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိခဲ့ကာ ၂၀၀၉ ခုနှစ်တွင် ဖန်တီးအိမ်အဖွဲ့ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ သူမအနေနဲ့ NLD ပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရွေးချယ်ခံဖို့ အခွင့်အရေး ရခဲ့ပါတယ်။ “သူများကိုတော့ နေရာယူပါလုပ်ပါဆိုပြီး ကိုယ်ကျတော့ မလုပ်ဘူးဆိုရင် ခေါင်းရှောင်သလို ဖြစ်မှာလေ။ ရွေးကောက်ပွဲဝင်ရင် အခက်အခဲတွေ ကြုံမှာလည်း သိတယ်။ အစ်မက မိသားစုကို ဦးဆောင်နေရတာ။ ဒါပေမဲ့ အခွင့်အရေးက နှစ်ခါ မလာဘူး တစ်ခါပဲ လာတယ်။ ပါတီကလည်း အမျိုးသမီးပညာရှင်တွေ လိုအပ်နေတဲ့အချိန်ဆိုပြီး ဝင်ခဲ့တယ်” လို့ သူမက ပြောပြပါတယ်။

မိဘတွေရဲ့ ကောင်းမွန်စွာ ထိန်းကျောင်းစောင့်ရှောက်မှုတွေကြားမှာ မလတ်တို့ မောင်နှမ ၈ ယောက်ဟာ လွတ်လပ်ရိုးရှင်းစွာ ကြီးပြင်းခဲ့ရပါတယ်။ “ငယ်ငယ်တည်းက လွတ်လပ်မှုကို ရအောင်ယူတယ်။ လုပ်ချင်တာတွေ အကုန်လုံးကို လုပ်ခဲ့တယ်။ သူများအကျိုးကိုလည်း လုပ်ပေးတယ်။ ငယ်ငယ်ကဆို စျေးသွားဝယ်ရင် ဘေးလူတွေမှာတာ အကုန်ဝယ်ပေးတာပဲ။” လို့ မလတ်က သူမရဲ့ ငယ်ဘဝကို ပြောပြပါတယ်။ အိမ်မှုကိစ္စတွေကို ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးသလို ကျောင်းတွင်းလှုပ်ရှားမှုတွေမှာလည်း မပျက်မကွက်ပါဝင်ခဲ့တဲ့ မလတ်ဟာ ငယ်စဥ်တည်းက တာဝန်ယူမှုနဲ့ တာဝန်ခံမှုအကြောင်းကို မိဘရဲ့သင်ကြားပေးမှုနဲ့ရော ကိုယ်တိုင်လက်တွေ့ လုပ်ဆောင်မှုနဲ့ပါ ရင်းနှီးကျွမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ မကင်းဝေးတဲ့ မိဘတွေကနေ မွေးဖွားလာသူဖြစ်ပြီး စာပေဖတ်ရှုခြင်းဟာလည်း မလတ်ရဲ့ အခရာအကျဆုံး ဝါသနာတစ်ရပ် ဖြစ်ပါတယ်။ “ငယ်ငယ်တုန်းက သောကြာနေ့တိုင်း မုန့်ဖိုး ၁ ကျပ်ရတယ်။ စာအုပ်ငှားဖို့ပဲ သုံးတယ်။ စာအုပ်ဆိုင်မှာ သွားထိုင်ပြီးတော့ ဖတ်တာ။ ၃ တန်း ၄တန်းလောက်နဲ့ စာအုပ်တွေ တော်တော်ဖတ်နေပြီ။”

“အစ်မတို့ ငယ်ငယ်တုန်းက မီဒီယာတွေ သိပ်မရှိဘူး။ နိုင်ငံရေးစကားတွေက ရပ်ရေးရွာရေးထဲမှာ ဖြစ်တာတွေ ကနေ မေးခွန်းတွေ မေးပြီး စခဲ့တာ။ အစ်မက လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တယ်။ အမေက အစ်မကို မစပ်စုလို့ ခေါ်တယ်။ အစ်မအမေက အိမ်ထဲက အိမ်ပြင် သိပ်မထွက်ပေမဲ့ ရပ်ရွာထဲ ဖြစ်နေတာအကုန်လုံးသိတယ်။ အစ်မဆီကတစ်ဆင့် ပြန်သိရတာ။”

မလတ်ဟာ မြန်မာနိုင်ငံရဲ့ အများစုသော မိန်းကလေးငယ်တွေနဲ့ မတူညီခြားနားစွာ ကြီးပြင်းခဲ့ရတဲ့ အနည်းငယ်သော အမျိုးသမီးတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ အခြားအာရှနိုင်ငံများနည်းတူ ရှေးရိုးစွဲမှုတွေ ကြီးစိုးနေတဲ့ မြန်မာနိုင်ငံမှာ အများစုသောကလေးသူငယ်တွေ အထူးသဖြင့် မိန်းကလေးငယ်တွေဟာ လွတ်လပ်စွာ တွေးခေါ်လှုပ်ရှားရှင်သန်ခွင့်တွေ ဆုံးရှုံးနေရပါတယ်။ ကန့်သတ်ချုပ်ချယ်မှုတွေ၊ တားမြစ်မှုတွေ၊ အဟန့်အတားတွေဟာ ယောကျ်ားလေးတွေထက် မိန်းကလေးငယ်လေးတွေအပေါ်မှာ ပိုမိုသက်ရောက်လေ့ရှိပြီး အများစုဟာ မိန်းကလေးဆိုရင် ဘယ်လိုနေထိုင်ပြုမူရမယ်၊ ယောကျ်ားလေးဆိုရင် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုပြီး သင်ကြားမှုအောက်မှာသာ ကြီးပြင်းခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီ့ရှေးရိုးစွဲအစဥ်အလာတွေ၊ အကြောင်းတရား တွေနဲ့ ခွဲခြားမှုတွေကြောင့်လည်း ၂၀၁၈ ခုနှစ် ဂျဲန်ဒါတန်းတူညီမျှရေး ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ အဆင့် ၁၄၈ ရရှိထားသလို ကျား/မ ဂျဲန်ဒါအခြေပြု ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေ များစွာ ရှိနေပြီး ခေါင်းဆောင်မှုကဏ္ဍတွေမှာလည်း အမျိုးသမီးတွေအနေနဲ့ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်မှုအခွင့်အရေးဟာ အင်မတန် နည်းပါးနေတာပဲ ဖြစ်ပါတယ်။

“မူလဇစ်မြစ်က ပညာရေးစနစ်ပဲ။ အမျိုးသမီး နိုင်ငံရေး သမားတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ သင်ကြားမှု တွေမှာ အမျိုးသမီးတွေကို ကောင်းတာတွေကို မသင်ချင်ဘူး။ မကောင်းတဲ့အပိုင်းကိုပဲ ရွေးပြီး သင်တယ်။ ဥပမာ မိန်းမဖျက်ပြည်ပျက်တယ်ဆိုတာမျိုး။ လူ့အသိုင်းအဝိုင်းမှာ ၅၀ ရာခိုင်နှုန်းဆီရှိတာ ၅၀ ရာခိုင်နှုန်းဆီကို ကိုယ်စား ပြုတဲ့ ပညာရေးစနစ်ဖြစ်ရမယ်။ မိသားစုတစ်ခုမှာ ကျောင်းဆက်မထားနိုင်တော့ဘူးဆိုရင် မိန်းကလေးကိုပဲ အရင် ထုတ်တယ်။ ပညာတတ်ဖြစ်မှမိသားစုဦးဆောင်နိုင်မယ်ဆိုပြီး ယောကျ်ားလေးတွေကိုပဲ ဦးစားပေးခဲ့တာ။ အမျိုးသားတွေက ဦးစားပေးခံရပြီး အမျိုးသမီးတွေက second class အဖြစ် ကြုံခဲ့ရတယ်။ အောင်မြင်တဲ့မိသားစု ကို ကြည့်လိုက် ဘယ်သူတော်တာလဲဆို အမေ တော်လို့။ အဖေတော်ရုံနဲ့ မအောင်မြင်ဘူး။ မိန်းမတွေရဲ့ အရည်အချင်းကို ပိုပြီး ထက်မြက်အောင်လုပ်ပေးရင် နေရာပေးရင် နိုင်ငံတိုးတက်မှာ။ သူများနိုင်ငံတွေ ကြည့်လိုက်.. အမျိုးသမီးတွေကို နေရာပေးတဲ့ နိုင်ငံတွေ တိုးတက်နေတာ။”

အမျိုးသမီးတစ်ယောက် နိုင်ငံရေးလောကထဲကို ဝင်ရောက်ဖို့ဆိုတာ မြန်မာနိုင်ငံလို ရှေးရိုးစွဲကြီးတဲ့ နိုင်ငံတစ်ခုမှာ လွယ်ကူလွန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ထုံးတမ်းဓလေ့တွေပေါ်မှာ အခြေပြုတဲ့ တိုက်ခိုက်မှုတွေ၊ ပင်ပန်းခက်ခဲမှုတွေအပါအဝင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းမျှတစွာ ရှိမနေမှုရဲ့ အကျိုးဆက်အဖြစ် ငွေကြေးဆိုင်ရာအခက်အခဲဟာလည်း အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုအခက်အခဲအတားအဆီးတွေကြောင့် အမျိုးသမီးတစ်ယောက် ခေါင်းဆောင်မှုနေရာကို ရရှိဖို့အတွက် ပံ့ပိုးထောက်ပံ့ ပေးတတ်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ရပ်လိုအပ်ပါတယ်။

“အမျိုးသမီးတစ်ယောက် ခေါင်းဆောင်ဖြစ်ဖို့ အမျိုးသမီးအချင်းချင်း ပံ့ပိုးဖို့ လိုတယ်။ အစ်မရဲ့ သူငယ်ချင်းတွေ အကုန်လုံးက ဝိုင်းပြီး ပံ့ပိုးခဲ့ကြတယ်။ စိတ်အား၊ လူအား၊ ငွေအားနဲ့ကို ပံ့ပိုးပေးခဲ့တာ။ ငွေရေးကြေးရေးကတော့ ခက်ခဲခဲ့တယ်ဆိုပေမဲ့ အားလုံးကဝိုင်းပြီး ပံ့ပိုးကြတော့ အဆင်ပြေခဲ့တယ်။ ထပ်ပြီး အရေးကြီးတာက နိုင်ငံရေးမှာ networking အရမ်းလိုတယ်။ အထူးသဖြင့် နိုင်ငံရေးလောကနဲ့ စိမ်းတဲ့ သူဆိုရင် တကယ် networking က အရေးကြီးတယ်။ ရွေးကောက်ပွဲကာလကို ပြန်တွေးရရင် ဘဝမှာ ခက်ခဲပင်ပန်းဆင်းရဲပြီး မျက်ရည် ခဏခဏ ကျခဲ့ရတဲ့အဆိုးဆုံးကာလပဲ။ နိုင်ငံရေးလုပ်တော့ မျက်ရည်ခဏခဏ ကျရတယ်။ အများကြီး ကျော်ဖြတ်ခဲ့ရတာ။”

“အစ်မ စည်းရုံးရေးတွေသွားတဲ့အခါမှာ အမျိုးသမီးတွေကို ရအောင်ခေါ်ခဲ့တယ်။ အမျိုးသားတွေက သူတို့သွားရင် အမျိုးသားတွေချည်းပဲ ခေါ်တာ။ အမျိုးသမီးတွေကို နိုင်ငံရေးစကားမပြောတတ်ဘူးထင်ကြတယ်။ တကယ်တမ်းက အမျိုးသမီးတွေက ပိုပြီး စည်းရုံးရေးကောင်းတာ။ အမျိုးသားတွေချည်းပဲ မရဘူး၊ အမျိုးသမီးတွေလည်း ပါမှရမယ်၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်ရည်တွေကို အသိအမှတ်ပြုဖော်ထုတ် ပေးရမယ်။” လို့ သူမရဲ့ အတွေ့အကြုံတွေအရ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို မလတ်က မျှဝေလာပါတယ်။

ဒေါ်ရွှေရွှေစိန်လတ်သည် အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဘတ်ဂျက်ကော်မတီ၊ အာဆီယံဆိုင်ရာ ပါလီမန်ကော်မတီတို့မှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ ဥပဒေရေးရာအဆိုများစွာမှာ ပါဝင်ဆွေးနွေးခဲ့ပြီး ဂျဲန်ဒါတန်းတူညီမျှရေး၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်း လွှတ်တော်အတွင်း ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူမ၏ မဲဆန္ဒနယ်အတွင်း ဖြစ်ပွားသော မုဒိမ်းမှုများတွင် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရှိစေရေး ကူညီဆောင်ရွက်ပေးခဲ့သလို အခြားသောလွှတ်တော်အမတ်များအားလည်း ထိုအမှုအခင်း တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ရေး ကူညီပေးခဲ့ပါတယ်။ သူမ၏ မဲဆန္ဒနယ်မှာ အမျိုးသမီးတွေ စုစည်းပြီး လူမှုလုပ်ငန်းတွေအတူတကွလုပ်ဆောင်နိုင်စေဖို့ အမျိုးသမီးကလပ်တွေကိုလည်း ထူထောင်ပေးနိုင်ခဲ့သလို ကိုဗစ် -၁၉ ကာလ Fever clinic တွေ မဲဆန္ဒနယ်အတွင်း ဖွင့်လှစ်နိုင်ရေး ဦးဆောင်လုပ်ဆောင်ခဲ့ပါတယ်။ “အကုန်လုံးကို အမျိုးသမီးတွေနဲ့ချည်း လုပ်တာ။ လုပ်အားပေးတွေကအစ အမျိုးသမီးတွေပဲ။ အမျိုးသမီးကို နေရာတွေသာ ပေးလိုက်။ အကုန်လုပ်နိုင်တယ်။ အခုတော့ အမျိုးသမီးတွေကို အမျိုးသားတွေက နေရာမပေးချင်ကြတော့ အမျိုးသမီးတွေမှာ ယောကျ်ားတွေမလုပ်နိုင်တာ၊ မလုပ်ချင်တာတွေကိုမှ ယူလုပ်နေရသလိုဖြစ်နေတာ။ ယောကျ်ားတွေက လမ်းတံတားတွေကိစ္စမှ အလုပ်လို့ထင်တယ်။ အခြားအရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးဆို သူတို့နဲ့ ဆိုင်တယ် မထင်ဘူး” လို့ မလတ်က ပြောပါတယ်။

“နိုင်ငံရေးလုပ်မယ်ဆိုရင် အဓိကက နိုင်ငံရေးသမားတစ်ယောက်ဟာ တာဝန်ယူရဲရတယ်၊တာဝန်ခံရဲရတယ်။ သူများလုပ်တာတွေ အားမရဘူးဆိုရင် ကိုယ်တိုင်ဝင်လုပ်ကြပါ။ ရွေးကောက်ပွဲ ဝင်ကြပါ။ အစ်မလို အခက်အခဲလည်း ကြုံရနိုင်မယ်။ မတူညီတဲ့ အခက်အခဲကိုလည်း ကြုံရကောင်း ကြုံရမယ်။ အခက်အခဲတွေ အများကြီးကနေ အောင်မြင်အောင် လုပ်ရတယ်။ နိုင်ငံရေးလုပ်တဲ့သူတွေကို ပံ့ပိုးတာလည်း နိုင်ငံရေးပဲ။ အမျိုးသမီးတိုင်း အမျိုးသမီး ကိုယ်စားလှယ်တွေ ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ပေးကြပါ” လို့ မလတ်က တိုက်တွန်းအားပေးစကား ဆိုပါတယ်။ သူမအနေနဲ့ လည်း နိုင်ငံအတွက် ကျရာ နေရာက နေ ဆက်လက် ဆောင်ရွက်ရင်း အမျိုးသမီးတွေ နိုင်ငံရေး မှာ အားကောင်းလာစေဖို့ ကူညီပံ့ပိုး သွားမယ် လို့ ဆိုပါတယ်။

 

(Dislaimer: ဤဇာတ်လမ်းစတိုရီတွင် အသုံးပြုထားသော ဓါတ်ပုံများသည် ဒေါ်ရွှေရွှေစိန်လတ်၏ ခွင့်ပြုချက်ဖြင့် သူမ၏ Facebook စာမျက်နှာမှ ရယူအသုံးပြုထားခြင်းဖြစ်ပါသည်။) 

ရေးသားသူ - ရည်မွန်ဦး, Advocacy and Campaigns Coordinator, Oxfam in Myanmar

(ဤဇာတ်လမ်းစတိုရီအား Sida နှင့် Oxfam Novib တို့မှ ရံပုံငွေထောက်ပံ့၍ Oxfam in Myanmar နှင့် ဖန်တီးအိမ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် "အမျိုးသမီးများ၏ နိုင်ငံရေးတွင် ပါဝင်မှုနှင့်ခေါင်းဆောင်မှုအား အားပေးမြှင့်တင်ခြင်း" စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ရေးသားထားခြင်းဖြစ်သည်။)