“သေပြီလို့ပဲ ထင်ခဲ့တာ” နာဂစ်ဘေးဒုက္ခမှ လွတ်မြောက်လာသူ စိတ်ဓါတ်ခိုင်မာသည့် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်မှန်

ရေပြင်အား ငေးကြည့်နေသည့် မသက်ထားအောင်
“မုန်တိုင်းတိုက်ပြီးတော့ ထားနဲ့ ထားမောင်လေးက ပျောက်သွားတာ။ သူများတွေ ပြောပြကြတာက ထားအမေက နောက်နေ့ မုန်တိုင်းပြီးသွားတည်းက ချောင်းစပ်မှာ ထိုင်ပြီး မျောလာသမျှ အလောင်းတွေကို ထားတို့မောင်နှမအလောင်းတွေများလားဆိုပြီး သေချာလိုက်ကြည့်တာတဲ့”
မသက်ထားအောင်
Oxfam in Myanmar

This is Myanmar Version of "I thought I was dead" - a true story of a strong girl, survivor of Cyclone Nargis,

မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်း၊ ဆူနာမီ၊ မြေငလျင်၊ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် နိုင်ငံအလယ်ပိုင်းတွင် မိုးခေါင်ရေရှားခြင်းစသည့် သဘာဝဘေးအန္တရာယ်မျိုးစုံ ကြုံတွေ့ရနိုင်သည့် နိုင်ငံ ဖြစ်ပါသည်။ သို့ပါသော်လည်း ၂၀၀၈ ခုနှစ်မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်တွင်မူ အားလုံးမှင်သက်အံ့သြခဲ့ကြရပါသည်။

“ထားက ထားသေပြီထင်တာ။ ကိုင်ထားတဲ့အုန်းပင်က ထားရဲ့အခြားဘဝလို့ စိတ်ထဲထင်တာ” ဟု မသက်ထားအောင်က ပြောသည်။ “ဘာလိုလိုနဲ့ ၁၀နှစ်တောင် ပြည့်တော့မှာပါလား” ထိုအချိန်က သက်ထားသည် ဘွဲ့ရပြီးခါစက အသက် ၂၁နှစ်ရှိ အမျိုးသမီးငယ် ဖြစ်ပါသည်။ သူမသည် မြန်မာ့ကမ်းရိုးတန်းဒေသရှိ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် အတွင်းမှ လတ္တာချောင်းဟု ခေါ်သော ရွာတွင် မိဘများ၊ မွေးချင်းမောင်နှမ ၅ ဦးနှင့်အတူတကွ နေထိုင်ခဲ့သည်။ သူမတို့ မိသားစုသည် မြစ်ဘေးတွင်နေထိုင်သည့်အားလျော်စွာ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ကြသည်။ “အဲဒီ့မနက် က ထားနိုးလာတော့ မင်္ဂလာဆောင်တွေလည်း သွားရမှာဆိုတော့ ပျော်ပျော်ရွှင်ရွှင်ပဲ။ ဘာလို့ဆို အဲ့လိုနေမျိုးကို နေ့ကောင်းရက်သာ မင်္ဂလာရှိတဲ့နေ့လို သတ်မှတ်တာ။ မင်္ဂလာဆောင်လိုမျိုး ကောင်းတာတွေ လုပ်ကြတဲ့နေ့ကိုး” ဟု လွန်ခဲ့သော ၁၀နှစ်က အကြောင်းအရာများကို ပြန်လည်တွေးတော၍ ပြောပြသည်။ ထိုမင်္ဂလာရှိသောနေ့လေးသည် နာရီအနည်းငယ်အတွင်းမှာပင် ကမ်းရိုးဒေသနေပြည်သူများစွာအတွက် ကံဆိုးမိုးမှောင်ကျမည့် အဆိုးဆုံးသောနေ့၊ သိန်းချီသောလူများရဲ့ နောက်ဆုံးနေ့ဖြစ်မည်ဆိုသည်ကို မသက်ထားအောင်တစ်ယောက် မသိခဲ့ပါ။

သက်ထားသည် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော အဆိုးရွားဆုံး ဘေးဒုက္ခကပ်ဆိုးကြီးမှ လွတ်မြောက်လာသူတစ်ဦးဖြစ်သည်။ ဆိုင်ကလုန်း နာဂစ်ဟူသော စကားလုံးသည် မြန်မာနိုင်ငံတွင် မည်သူမှ မကြားလိုသည့်စကားလုံးဖြစ်ပြီး စိတ်နှလုံးနာကျင်စွာဖြင့် အမှတ်ရနေကြရမည့် အရာတစ်ခုဖြစ်ပါသည်။ နာဂစ်မုန်တိုင်းသည် လေတိုက်နှုန်း အနိမ့်ဆုံး တစ်နာရီ ၁၆၅ ကီလိုမီတာ (၁၀၅ မိုင်) မိုင်နှုန်းဖြင့် မြန်မာ့ကမ်းရိုးတန်းဒေသသို့ တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပါသည်။ အချို့အချက်အလက်များတွင် လေတိုက်နှုန်းသည် တစ်နာရီ ၂၁၇ ကီလိုမီတာ (၁၃၅ မိုင်) နှုန်းရှိသည်ဟု ဆိုသည်။ ယင်းနာဂစ်မုန်တိုင်းကြောင့် တစ်ညအတွင်းတွင် လူဦးရေ ၂သန်းခွဲကျော် အိုးအိမ်ဆုံးရှုံးခဲ့ရခြင်း၊ စိုက်ပျိုးမြေ ဟက်တာ ၄သိန်းကျော်အတွင်း ဆားငံရည်ဝင်ရောက်ခဲ့ခြင်း၊ တိရစ္ဆာန်အကောင်ရေ ၂ သိန်းကျော် သေဆုံးခဲ့ခြင်းနှင့် လူဦးရေ ၁သိန်း ၃ သောင်းကျော် သေဆုံးခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။

“မုန်တိုင်းတိုက်ပြီးတော့ ထားနဲ့ ထားမောင်လေးက ပျောက်သွားတာ။ သူများတွေ ပြောပြကြတာက ထားအမေက နောက်နေ့ မုန်တိုင်းပြီးသွားတည်းက ချောင်းစပ်မှာ ထိုင်ပြီး မျောလာသမျှ အလောင်းတွေကို ထားတို့မောင်နှမအလောင်းတွေများလားဆိုပြီး သေချာလိုက်ကြည့်တာတဲ့” ဟု သက်ထားက ပြောပြသည်။ သက်ထားသည် လေဖြတ်ရောဂါကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်သည့် သူမ၏ အဘိုးဖြစ်သူကို ကယ်ဆယ်ရန်အသွားတွင် လှိုင်းကြီးတစ်လုံး၏ ပုတ်ခတ်မှုကို ခံခဲ့ရပါသည်။ “လေပြင်းတွေက ညနေ ၆ နာရီတည်းက စတိုက်တာ။ တစ်ဖြည်းဖြည်းနဲ့ ပိုပိုပြီး ဆိုးလာတယ်။ အဖေက ရေလုပ်သားလုပ်တာ နှစ်တွေအရမ်းကြာပြီဆိုတော့ သူက ဘာမှမဖြစ်ဘူး အိမ်ထဲမှာပဲနေရင် လုံခြုံတယ်ဆိုပြီး ပြောတယ်။ တဖြည်းဖြည်းနဲ့ အိမ်က အရမ်းခါရမ်းလာတာနဲ့ စက်လှေထဲ မိသားစုအကုန်ဆင်းပြီး ဦးလေးအိမ်ကို သွားကြတာ။ ဦးလေးအိမ်က ပိုမာတယ်လေ။ အမျိုးတွေအကုန်လုံးလည်း ဦးလေးအိမ်ရောက်လာကြတယ်။ အဲ့မှာ ထားက ပလတ်စတစ်ရေပုံးအလွတ်တွေ တွေ့တာနဲ့ အကုန်လုံးကို တစ်ယောက်တစ်ပုံး လိုက်ဝေပေးတယ်။ တစ်ခုခုဆို ရေပေါ် ပေါလောမျောနိုင်အောင်လေ။ အမေက - နင်ငြိမ်ငြိမ်ထိုင်နေစမ်း လျှောက်မသွားနဲ့ - ဆိုပြီး အော်တယ်။ ဒါပေမဲ့ အဖိုးကို ကယ်ရမယ်ဆိုပြီး ရေပုံးတစ်ပုံးယူပြီး သွားတာ။ လှေနားလည်း ရောက်ရော ရေလှိုင်းကြီးတစ်ခုက ပုတ်ချလိုက်တာ ထားလည်း ရေထဲ လွင့်ကျသွားတာပဲ။ အဲ့အချိန် ထားနားထဲမှာ ဆူညံနေအောင် ကြားလိုက်တာ တစ်ခုက - ကယ်ကြပါဦး - ဆိုတာပဲ” ဟု သက်ထားက မှတ်မိသမျှကို ပြောပြသည်။ သူမလက်ထဲတွင် ပါလာသော ပလတ်စတစ်ရေပုံးက သူမ၏အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။ မြစ်လား လယ်ကွင်းတွေလား မသိရပဲ ကမ်းမမြင်ရသည့် ရေပြင်ထဲတွင် ထိုရေပုံးဖြင့် တစ်ညလုံး ပေါလော မျောနေခဲ့သည်။

“အဲ့အချိန်မှာ ထားသေချင်ခဲ့တယ်။ သေလိုက်တော့မယ်ဆိုပြီးလည်း ဆုံးဖြတ်လိုက်တယ်။ အားလျှော့ပစ်လိုက်တယ်” “အရမ်းထူးဆန်းတယ်။ ထား အားလျှော့လိုက်တာနဲ့ ရေနစ်တော့တာပဲ။ အဲ့ခံစားချက်က အရမ်းအရမ်းကို ဆိုးတယ်။ ခေါင်းထဲရော၊ နားထဲတွေရော၊ နှာခေါင်းတွေထဲရော အောင့်တက်လာတာ။ အဲဒီ့နာကျင်မှုမျိုးက ဘယ်လိုမှ နှိုင်းပြလို့ မရဘူး။ အဲ့မှာပဲ ထား သတိဝင်လာတယ်။ ငါအခုထိ အသက်ရှင်နေသေးတာပဲ။ ငါ့မှာ ပေါလောမျောနေဖို့ ပလတ်စတစ်ပုံးလည်း ရှိတယ်။ အားရှိနေသရွေ့ ငါအသက်ဆက်ရှင်ဖို့ ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ လေကလည်း ငြိမ်လာတော့ ထားခြေထောက်ကလေးနဲ့ အသာလေး ထိန်းပြီးတော့ ရေကူးနေလိုက်တယ်။ တစ်ညလုံး မအိပ်ခဲ့ရဘူး။ နောက်ဆုံးတော့ အုန်းပင်တစ်ပင်ကို ဖမ်းကိုင်နိုင်ခဲ့သည်။ အဲဒီ့ အုန်းပင်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားခဲ့တယ်” လေငြိမ်သက်သွားပြီးနောက် သူမသည် ဒီရေတောမှ ဓနိပင်များကို တွေ့၍ မြေပြင်ရှိမည်ဟူသော ယုံကြည်ချက်ဖြင့် ထိုနေရာသို့ ကူးခတ်သွားခဲ့သည်။ “ထား ပထမဆုံးမြင်တာ လူသေလောင်းတွေ။ လူသေလောင်းတွေမှ မျက်လုံးတွေ၊ နားတွေထဲက သွေးတွေ ထွက်ပြီး ပုတ်ပွနေတဲ့ အလောင်းတွေ။ ထားအသက် ၂၁ နှစ်အရွယ်တုန်းက မြင်ခဲ့ရတဲ့ အဲဒီ့မြင်ကွင်းတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး” ဟု သူမက ပြောသည်။ သူမသည် သူမ၏ရွာ လတ္တာချောင်းမှ ဝေးကွာလှသည့် ကုန်းသာဖျံဟု ခေါ်သော ရွာတစ်ရွာသို့ ရောက်ရှိခဲ့သည်။ “အဲ့ရွာမှာ ၂ ရက် ၃ရက်လောက် နေခဲ့ရတယ်။ ဒါပေမဲ့ အဲ့ရွာမှာ ထားစားဖို့ ဘာမှ မရှိဘူး။ ရွာသားတွေကတော့ မျောလာတဲ့ ဝက်တို့ဘာတို့ တိရစ္ဆာန်အလောင်းတွေကို ဆွဲပြီး ချက်စားကြတယ်။ ထားက အဲ့ဒါတွေ မစားချင်ဘူး။ အဲ့ဒါနဲ့ အုန်းပင်က အုန်းသီးတွေခွဲစား၊ မျောပါနေတဲ့ ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ မုန့်ထုပ်ကလေးတွေ လိုက်ကောက်ပြီး ဖောက်စား၊ အဲ့လိုပဲ စားရတာ။” “မိသားစုဆီ ပြန်ဖို့ နည်းလမ်းရှာခဲ့တယ်။ ထားတို့ ရွာက ဦးလေးကြီးတစ်ယောက်ကလည်း ထားလိုပဲ မျောပြီး ကုန်းသာဖျံကို ရောက်လာတယ်။ အဲ့ဦးလေးနဲ့ ထားနဲ့ အတူတူ ရွာပြန်ဖို့ လမ်းရှာကြပြီး တူတူပြန်လာတယ်။ အဲ့ရက်တွေတုန်းက ဆာလောင်တယ်ဆိုတာကို ထား တကယ်ခံစားခဲ့ရတယ်။ ၃ ရက်လောက် ဘာမှ သေသေချာချာ မစားထားရလို့ ဆာတဲ့အဆာကလေ တကယ့်ကို ဆိုးတာ။” ဟု သူမက ကြုံတွေ့ခဲ့ရသည့် ခံစားချက်ကို ရှင်းပြပြီး လမ်းတစ်လျှောက်တွေ့သမျှအရာများဖြစ်သည့် မြေပဲဆံအစိမ်း၊ အိတ်တစ်လုံး၊ ဒယ်အိုးနှင့် ဓါး တစ်ချောင်းတို့ကို ကောက်ယူခဲ့ကြောင်းကိုလည်း ပြောပြသည်။ “လမ်းမှာ တွေ့တာမှန်သမျှ ကောက်ပြီး ကိုယ်မှာ ကြိုးနဲ့ ချီပြီး ယူလာတာ။ ဆံပင်ကလည်း အရှည်ကြီးကို ပွထနေတာ မဖီးထားဘူး။ အဲ့ဒါကို ဒီတိုင်း စုပြီး ဆံထုံးထုံးလိုက်တယ်။ အဲ့တုန်းက ထားပုံစံက တော်တော်တော့ ထူးဆန်းနေမှာ” ဟု ရယ်ပြီး ဆက်လက်ပြောပြသည်။ “အပြန်လမ်းမှာ လူတစ်စုနဲ့ တွေ့တယ်။ သူတို့ကလည်း သောင်ပေါ်တင်နေတဲ့ သင်္ဘောလေးတစ်စီးကို ရှာတွေ့ပြီး အဲ့ဒါနဲ့ ဘိုကလေးမြို့ပေါ်ကို သွားမလို့ ကြိုးစားနေကြတာ။ ထားတို့ အတူတူ အဲ့သဘောင်္ကို ရေထဲ တွန်းချကြတယ်။ ပြီးတော့ ဘိုကလေးကို မောင်းပြီး ပြန်လာခဲ့ကြတာ။ ဘိုကလေးရောက်တော့ ထားမိဘတွေက ရွာမှာပဲ ရှိသေးတယ်ဆိုတာ သိတာနဲ့ လှေကြုံတွေနဲ့ ထား ဘိုကလေးကို ရောက်နေတဲ့အကြောင်း ရွာကို ပြန်မှာရတယ်။ နောက်နေ့ကျ တစ်မိသားစုလုံး ဘိုကလေးကို ရောက်လာကြတယ်။ ထားပျောက်သွားတာ စုစုပေါင်း ၅ ရက်ကြာသွားတာ” ဟု ပြောပြ၍ သူမကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်အသေးစိတ်အတွေ့အကြုံများကိုလည်း ရှင်းလင်းပြောပြခဲ့သည်။

ဤဘေးဒုက္ခကို တုံ့ပြန်ကယ်ဆယ်ရန်အတွက် နိုင်ငံတွင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာမှကူညီထောက်ပံ့ပေးရေး အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ နိုင်ငံတော်အစိုးရမှ အစားအစာ၊ အသက်မွေးဝမ်းကြောင်း၊ ကျန်းမာရေးနှင့် အိုးအိမ်တို့ကို ကူညီထောက်ပံ့ပေးခဲ့သည်။ ထိုလုပ်ငန်းများသည် ဘေးဒုက္ခမှ လွတ်မြောက်လာသည့် အမျိုးသမီးများ၊ အမျိုးသားများ၊ ယောက်ျားလေးများ၊ မိန်းကလေးများ မည်သူ့ကိုမဆို ကနဦး ကူညီပေးနိုင်ရန်လုပ်ဆောင်ခဲ့မှုများသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ လူမှုအသိုင်းအဝိုင်းများအား အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်၊ ပြင်ဆင်နိုင်ရန်နှင့် တုံ့ပြန်နိုင်ရန်အတွက် စွမ်းရည်တည်ဆောက်ပေးရန် အထူးလိုအပ်ကြောင်းကို အကူအညီပေးရေး အဖွဲ့အစည်းများမှ နားလည်သဘောပေါက်ခဲ့ကြသည်။

သက်ထားနှင့် သူမ၏ မိသားစုသည် ပထမဦးစွာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခေတ္တနေထိုင်ခဲ့သည်။ ရက်အနည်းငယ်အကြာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသခံ လူမှုအသိုင်းအဝိုင်းများနှင့် အစိုးရတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးများကို စတင်ပေးအပ်ခဲ့ကြသည်။ မသက်ထားအား သေရွာပြန်ဟု အများက အသိအမှတ်ပြု၍ သတိပြုမိခဲ့ကြသည်။ သူမ၏ မိသားစုမှာ ပုံမှန်အတိုင်း ပြန်လည် နေထိုင်ရန်အတွက် လိုအပ်သည့် အိမ်၊ ငါးဖမ်းပစ္စည်းများနှင့် လှေများ ဆုံးရှုံးခဲ့သလို သားတစ်ယောက်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ “ထားရဲ့ မောင်လေးက အဲ့တုန်းက အသက် ၁၉ နှစ်။ သူပြန်လာမလားလို့ စောင့်ခဲ့ကြတယ်။ ၇ရက်၊ ၇လ၊ ၇ နှစ် ကြာတဲ့အထိ စောင့်ခဲ့ကြတယ်။ ဒါပေမဲ့ သူပြန်မလာခဲ့ဘူးလေ။ ဘယ်တော့မှလည်း ပြန်လာနိုင်မှာ မဟုတ်ပါဘူး” ဟု သူမ ပြောပြီးသည့်နောက် ကျွန်မတို့၏ စကားဝိုင်းလေးသည် တစ်မိနစ်ကျော်ခန့် ငြိမ်သက်တိတ်ဆိတ်သွားခဲ့ပါသည်။ “နာဂစ် မဖြစ်ခင်တုန်းက မောင်နှမတွေက မိဘတွေအတွက် စိတ်ကူးတွေရှိတယ်။ အဲ့အတွက် ပိုက်ဆံလိုတယ်။ မောင်လေးက တောထဲ လယ်သွားလုပ်တယ်။ ပိုက်ဆံရမှ မိဘတွေကို စောင့်ရှောက်ပြုစုနိုင်မှာလေ။ ဒါပေမဲ့ သူ့ကို နာဂစ်မုန်တိုင်းက မိသားစုဆီကနေ အပြီးခေါ်သွားခဲ့တယ်” ဟု သက်ထားက ပြောသည်။

သူမ၏ မိသားစု အရာရာကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင် သက်ထားသည် ရန်ကုန်သို့ လာခဲ့သည်။ အကြီးဆုံး သမီးဖြစ်သည့် အားလျော်စွာ သူမ၏ မိသားစုတာဝန်သည် သူမ၏ ပုခုံးပေါ်သို့ ကျရောက်ခဲ့သည်။ “ထား ပိုက်ဆံလိုတယ်။ နေ့တိုင်း ပိုက်ဆံရဖို့ လိုတာ။ အဲဒီ့တော့ လခစားလုပ်လို့ မရဘူး။ ဘွဲ့ရပြီးပြီဆိုပေမယ့် နေ့စဉ်ဝင်ငွေရှိရအောင် ကြုံရာအလုပ်နေ့စား လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်” သက်ထားသည် အရက်စက်ရုံတစ်ရုံတွင် တစ်ရက်လျှင် ၁၄၀၀ နှုန်းဖြင့် ပုလင်းများ ဆေးကြောသည့် အလုပ်ကို လုပ်ကိုင်ခဲ့သည်။ “စက်ရုံပိုင်ရှင် အဘက စက်ရုံမှာ ၃ နှစ်လုပ်ဖို့ ကတိတောင်းတယ်။ ဘွဲ့ရပြီးပြီဆိုတာလည်း သိတော့ သူတို့က ကွန်ပြူတာလည်း သင်ပေးမယ်။ ရုံးလုပ်ငန်းတွေလည်း သင်ပေးမယ်တဲ့။ မိသားစုနေဖို့အတွက်လည်း ဒီစက်ရုံထဲမှာ နေရာပေးမယ်ဆိုပြီး ပြောတယ်။ အရမ်းပျော်သွားခဲ့တာ။ အဲဒီ့အဘတွေက တကယ်ကို စိတ်ကောင်းရှိတယ်”

သို့သော် UNDP တွင် အလုပ်လုပ်နေသည့် သူမ၏ အသိတစ်ယောက်ထံမှာ ဖုန်းကို လက်ခံရရှိအပြီးတွင် သူမ၏ ရှေ့ဆက်လုပ်ငန်းအတွက် ဝေခွဲမရ ဖြစ်ခဲ့သည်။ “ထားကို ဘိုကလေးမှာ နာဂစ်ထူထောင်ရေးအတွက် စေတနာ့ဝန်ထမ်း လုပ်မလားလို့ မေးတယ်။” “တစ်ညလုံး ထား စဉ်းစားတယ်။ ဒီစက်ရုံမှာဆို ပိုက်ဆံလည်း ရမယ်။ မိသားစုနေစရာလည်း ရမယ်။ စေတနာ့ဝန်ထမ်း အလုပ်က ပိုက်ဆံလည်း မရဘူး ထင်တာ အဲ့တုန်းက။ ဒါပေမဲ့ သူများကို ကူညီဖို့က ပိုအရေးကြီးတယ်လို့ ထားထင်တယ်။ အဲ့ဒါနဲ့ နောက်နေ့မနက်ကျတော့ အထုပ်တွေ ဆွဲပြီး ဘိုကလေးပြန်တာပဲ။ ဟိုရောက်တော့ UNDP နဲ့ ချိတ်ဆက်ထားတဲ့ Care Myanmar အဖွဲ့မှာ စေတနာ့ဝန်ထမ်းလုပ်တယ်။ ၁၅ ရက်နေတော့ ပိုက်ဆံပေးတော့ အရမ်းအံ့သြသွားတယ်။ ဒီလို စေတနာ့ဝန်ထမ်းအလုပ်က ပိုက်ဆံရတယ်လို့ ထင်မထားဘူး” ဟု ရယ်မောကာ ပြောပြသည်။

နာဂစ်သည် သက်ထား၏ မိသားစုအပါအဝင် ကမ်းရိုးတမ်းဒေသမှ သန်းချီသောသူများ၏ ဘဝများကို ဖျက်ဆီးခဲ့သည်။ သို့သော် သက်ထားကဲ့သို့ စိတ်နှလုံးကောင်းမွန်၍ အများကို ကူညီတတ်ကာ ကြိုးစားအားထုတ်တတ်သူတို့မှာမူ ပြန်လည်ဦးမော့နိုင်ရန်အတွက် အခွင့်အရေးများ ရှိပါသည်။ သက်ထားသည် စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ပြီး လအနည်းငယ်အကြာတွင် Community Facilitator အဖြစ် Care Myanmar တွင် လုပ်ကိုင်ခဲ့ပြီးနောက် Junior Programme Officer ဖြစ်ခဲ့သည်။ ၂ နှစ်ခွဲကြာပြီးနောက်တွင် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဆွေသဟာအဖွဲ့တွင် ၁ နှစ်ခွဲခန့်လုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံရှိ Oxfam အဖွဲ့၌ ဥရောပသမဂ္ဂမှကူညီထောက်ပံ့မှုဖြင့် လုပ်ဆောင်သည့် ကမ်းရိုးတန်းဒေသများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာလုပ်ငန်းများကို Field Officer အနေဖြင့် လုပ်ဆောင်ခဲ့သည်။ Oxfam တွင် သူမသည် ရာထူးအချို့ကို တာဝန်ယူ လုပ်ဆောင်ခဲ့ပြီးနောက် ယနေ့တွင်မူ Oxfam အဖွဲ့မှ လုပ်ဆောင်နေသော ဒေသအဆင့်အုပ်ချုပ်ရေးနှင့် စီမံအုပ်ချုပ်ရေးကဏ္ဍများတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့် အမျိုးသမီးများ ပါဝင်လာရေး ဆောင်ရွက်လျက်ရှိသည်။

“၁၀ နှစ်ကြာပြီးတဲ့အချိန်မှာ ပြန်ပြောရမယ်ဆိုရင် ဘိုကလေးမြို့မှာ မိဘတွေအတွက် အိမ်လေးဝယ်ပေးနိုင်ခဲ့တယ်။ ရွာက မြေကိုတော့ ရောင်းလိုက်တယ်။ မိဘတွေကို ရွာမှာ မနေစေချင်တော့ဘူး။ မိဘတွေသာ မြစ်ဘေးမှာ ဆက်နေနေရင်ဆိုပြီး အရမ်းကို ခြောက်ခြားမိတယ်။” ဟု စိတ်ဓါတ်ခိုင်မာသည့် မသက်ထားက ပြောပြသည်။

“နာဂစ်ဒဏ်ကို ခံခဲ့ရတဲ့ အခြားသူတွေနဲ့ အားလုံးကိုလည်း ထား အားပေးချင်တာ ဘယ်တော့မှ အားမလျှော့လိုက်ကြပါနဲ့။ အားလျှော့လိုက်တယ်ဆိုတာကို ထားကြုံခဲ့ဖူးတယ်။ အားလျှော့လိုက်တာနဲ့ သေတော့မလိုလည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ တကယ်မလျှော့ပစ်ခဲ့ဘူး။ အခုပြောချင်တာက ဘယ်တော့မှ အားမလျှော့လိုက်နဲ့ ဆိုတာပဲ။ အားလုံးကို ဆုံးရှုံးသွားပြီးရင်တောင်မှ ပြန်လည်ရုန်းထဖို့ အခွင့်အရေးတွေ ရှိပါတယ်။ အနက်ရှိုင်းဆုံး စိတ်ဒဏ်ရာတွေကတော့ ပျောက်သွားမှာ မဟုတ်ပေမဲ့ တစ်ဖြည်းဖြည်းနဲ့တော့ ပြန်လည်ပြီး အဆင်ပြေလာမှာပါ။ အားမလျှော့လိုက်ကြပါနဲ့”

နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့ပြီးသည်မှာ ယခုဆိုလျှင် ၁၀နှစ်တိုင်ပြီ ဖြစ်သည်။ ယင်းကဲ့သို့သော ဘေးအန္တရာယ် ကြီးကြီးမားမား ထပ်မံမကြုံခဲ့ရသည့်တိုင်အောင် မြန်မာနိုင်ငံသည် အခြားသောဆိုင်ကလုန်းတစ်ခုဖြစ်သည့် ဂီရိမုန်တိုင်း၊ ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မြေငလျင်နှင့် မီးလောင်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပါသည်။ ယင်းအခြေအနေများသည် သက်ထား ကဲ့သို့သော တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းရည်နှင့် စိတ်ဆုံးဖြတ်မှုရှိရုံမျှဖြင့် သဘာဝဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်ရန် လုံလောက်မှု မရှိသေးကြောင်း သတိပေးနေခြင်းပင် ဖြစ်သည်။ လူတိုင်းသည် သဘာဝဘေးအန္တရာယ်များ အကြောင်းနှင့် မည်သို့ရင်ဆိုင်ရမည်ကို သိရှိနားလည်ပြီး သတင်းအချက်အလက်များကို အမြဲလက်လှမ်းမှီိရရှိနေရန် လိုအပ်သည်။ အစိုးရနှင့် အဖွဲ့အစည်းများသည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့် စပ်လျဉ်းသည့် ရှိနှင့်နေပြီးသော မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ရန် တာဝန်ရှိကြသည်။ အထူးသဖြင့် အမျိုးသမီးများ၊ အမျိုးသားများ၊ ယောက်ျားလေးများနှင့် မိန်းကလေးများအားလုံးသည် ၄င်းတို့၏ ကိုယ်ပိုင်ဘဝများနှင့် အသက်မွေးဝမ်းကြောင်းများကို ရေရှည်ကာကွယ်နိုင်ရန် စွမ်းရည်များ ရှိနေစေရန် အထူးလိုအပ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ခြင်းသည် ရွေးချယ်စရာတစ်ခုအနေဖြင့် လုပ်ဆောင်ရမည့် ကိစ္စရပ်မဟုတ်ပဲ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ အတိတ်ကာလတွင် ကြုံတွေ့ခဲ့ရသည့် ဘေးအန္တရာယ်များသည် ခက်ခက်ခဲခဲကြိုးပမ်း တည်ဆောက်ထားရသော ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင် ကြီးမားများပြားသည့် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားစေနိုင်ကြောင်းကို အထင်းသား ပြသလျက်ရှိပါသည်” ဟု မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ချေ လျှော့ချရေး အစီအစဉ် ၂၀၁၇ ၏ ဥယျောဇဉ်တွင် ထုတ်ဖော်ပြောဆိုရေးသားခဲ့သည်။

 

Author: Yee Mon Oo, Communications and Media Coordinator, Oxfam in Myanmar